News

POST TYPE

HEALTH

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်သားအထူးကု Breast Clinic ဖွင့်လှစ်
30-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၃၀

Parkway Cancer Centre (PCC) နှင့် Centre for Better Living (CBL) တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရင်သားအထူးကု Breast Clinic ကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်ရှိ စမုံလမ်းတွင် စက်တင်ဘာလ ၃၀ ရက်နေ့၌ ဖွင့်လှစ်ခဲ့ကြောင်း CBL Medical Centre မှ Clinical Director ဒေါက်တာ ညီညီနိုင်က ပြောကြားသည်။

“ဒီဆေးခန်းမှာ ရင်သားနဲ့ပတ်သက်တဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို လျင်မြန်တိကျပြီး ရောဂါစစ်ဆေးမှု ပြုလုပ်ပေးနိုင်တဲ့အတွက် ကင်ဆာရောဂါ လက္ခဏာတွေကို မပြခင်မှာဘဲ စစ်ဆေး ဖော်ထုတ်နိုင်မှာပါ”ဟု ၎င်းကဆိုသည်။

CBL Breast Clinic သည် အမျိုးသမီးများ ရင်သားကင်ဆာ ရှိ မရှိ စောစီးတိကျစွာ သိရှိပြီး အချိန်မီ သင့်လျော်သော ကုသမှု ခံယူနိုင်ရန် ကူညီဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါ CBL Breast Clinic တွင် ခေတ်မီ စက်ကိရိယာ၊ ဓာတ်ခွဲခန်း ပစ္စည်းများနှင့်အတူ ရင်သားဓာတ်မှန်ရိုက်စက် (Mammogram) ကိုပါ ထပ်မံ ဖြည့်တင်းထားကြောင်း ယင်းဆေးခန်းထံမှ သိရသည်။

မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် ရင်သားကင်ဆာဖြစ်နှုန်း မြင့်မားလျက် ရှိပြီး WHO ၏ ဖော်ပြချက်များအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါ လူနာအသစ်များ တွေ့ရှိနှုန်းမှာ တစ်နှစ်လျှင် ခြောက်သောင်းကျော် ရှိကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော Globocan သုတေသန ဝက်ဘ်ဆိုက်၏ စစ်တမ်းများအရ မြန်မာအမျိုးသမီးများ၏ ကင်ဆာဖြစ်ပွားမှုတွင် ရင်သားကင်ဆာသည် အများဆုံး ဖြစ်ပွားပြီး အဆုတ်ကင်ဆာနှင့် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ ဒုတိယ အများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။

J-12


  • VIA