News

POST TYPE

HEALTH

ကျောက်ကပ်နှင့် အသည်း အစားထိုးကုသမှု နှစ်ရာကျော် ဆောင်ရွက်
27-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၂၆

ကိုယ်အင်္ဂါ အစိတ်အပိုင်း အစားထိုး ကုသခြင်းဖြစ်သော ကျောက်ကပ်နှင့် အသည်း အစားထိုးကုသမှု လူနာပေါင်း ၂၆၀ ခန့်ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့ထံမှ သိရသည်။

အဆိုပါ ကျောက်ကပ် အစားထိုးကုသခြင်းလုပ်ငန်းကို မြန်မာနိုင်ငံတွင် ၁၉၉၃ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ယင်းကုသခြင်းအတွက် အစားထိုး လှူဒါန်းမှုများကို သုံးသပ်ချက်အရ အသက် ၂၀ နှစ်မှ အသက် ၅၀ နှစ်အတွင်း လှူဒါန်းမှုမှာ ၈၅ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ထို့အပြင် မောင်နှမ အရင်းများက လူနာကိုပေးခြင်းသည် ၇၀ ရာခိုင်နှုန်း၊ သားသမီးက မိဘသို့ ပေးခြင်းသည် ၂၀ ရာခိုင်နှုန်းရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ကျောက်ကပ် အစားထိုးကုသမှုကို ခံယူသော လူနာဦးရေမှာ နည်းပါးပြီး ပြည်ပသို့ သွားရောက်ကုသသည့် လူဦးရေမှာ များပြားလျက်ရှိကြောင်း၊ ကျောက်ကပ် အစားထိုးလုပ်ငန်းမှာ ကျောက်ကပ် အားနည်းရောဂါ (ESRD) လူနာအား သွေးသန့်စင်ကုသခြင်းလုပ်ငန်း၊ ပမာဏတို့နှင့် နှိုင်းယှဉ်ပါက နည်းပါးနေသည်ကို တွေ့ရကြောင်း မြန်မာနိုင်ငံ ဆေးပညာရှင်အဖွဲ့၏ ဖော်ပြချက် များအရ သိရသည်။

ထို့အပြင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့်လည်း ကိုယ်အင်္ဂါ အစိတ်အပိုင်း လှူဒါန်းမှုဆိုင်ရာ ကြီးကြပ်ကော်မတီကို ဖွဲ့စည်းထားပြီး ယင်းနှင့်သက်ဆိုင်သော နည်းဥပဒေများကို ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ မကူးစက်တတ်သော ရောဂါများ ဖြစ်ပွားလာသည်နှင့်အမျှ နာတာရှည် ကျောက်ကပ် ပျက်စီးလူနာများ များလာလျက်ရှိကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

J-12


  • VIA