News

POST TYPE

HEALTH

ရန်ကုန်ဆေးရုံကြီး၌ အရေးပေါ်နှလုံးသွေးကြောချဲ့ ခြင်း ဆောင်ရွက်
ရန်ကုန်၊ စက်တင်ဘာ ၂၆

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကုပညာဌာနတွင် နှလုံးသွေးကြော ကျဉ်းလူနာများအတွက် အရေးပေါ် နှလုံးသွေးကြောချဲ့ခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယင်းဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာနွယ်နွယ်က ပြောကြားသည်။

“လုပ်ပေးတာ ၂ နှစ်ကျော်ပြီ။ အရင်တုန်းကတော့ အရေးပေါ် မလုပ်ပေးနိုင်ဘူး။ အခုကတော့ အရေးပေါ်ပါ လုပ်ပေးနိုင်ပြီ။ တစ်နှစ်ကို အရေးပေါ် ရောက်တဲ့လူနာက နှစ်ရာကျော်ရှိတယ်။ အရေးပေါ် မဟုတ်ဘဲနဲ့ နောက်ကျပြီးရောက်တာက လေးရာကျော်ဆိုတော့ မနှစ်က ၆၀ဝ နီးပါး လုပ်ပေးခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ဆေးလိပ်သောက်သူများ၊ သွေးတိုး၊ ဆီးချို သွေးချိုရှိသူများတွင် ရင်ဘတ်အောင့်ခြင်း၊ မောခြင်း၊ ချက်ချင်း မိုက်ခနဲဖြစ်ခြင်း၊ တစ်ကိုယ်လုံး ချွေးပြန်ကာ မလှုပ်ချင်အောင် ဖြစ်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာဆေးရုံသို့ အမြန်ဆုံး သွားရောက်၍ အချိန်မီ အရေးပေါ် နှလုံးသွေး ကြောချဲ့ ကုသမှုကို ခံယူသင့်ကြောင်း နှလုံးရောဂါကု ပညာဌာန၏ အချက်အလက်များတွင် ဖော်ပြထားသည်။

နှလုံးရောဂါကု ပညာဌာနအနေဖြင့် ၂၀၁၆ ခုနှစ်တွင် နှလုံးနှင့်ပတ်သက်သည့် ရောဂါကုသမှုပေါင်း ၁၇၆၀ ကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက လူနာများ ကုန်ကျမှု အနည်းဆုံး ဖြစ်စေရေးအတွက် ပံ့ပိုးပေးလျက်ရှိပြီး ပြည်သူလူထုအနေဖြင့် ရောဂါကုသရေး လုပ်ငန်းစဉ် တစ်ခုလုံးအတွက် လိုအပ်ချက် အနည်းငယ်ကို ပံ့ပိုးရုံဖြင့် အကျိုးတူ ခံစားမှုများ ရရှိနိုင်မည်ဖြစ်ကြောင်း ပါမောက္ခ/ဌာနမှူး ဒေါက်တာနွယ်နွယ်က ဖြည့်စွက် ပြောကြားသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ နှလုံးရောဂါကု ပညာဌာနသည် ၅၆ ခုတင်ဆံ့ ဌာနတစ်ခု ဖြစ်သော်လည်း အတွင်းလူနာအဖြစ် တက်ရောက်နေသည့် လူနာမှာ ၈၀ ခန့်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

J-12