News

POST TYPE

HEALTH

ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနဲ့ တွေ့ဆုံခြင်း
27-Aug-2016

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လတ်တလော ဖြစ်ပွားနေသည့် ဂျပန်ဦးနှောက်ရောင် ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာ ပေးနိုင်ရန် နှင့် ကျန်းမာရေး ဝန်ကြီးဌာနက ဆောင်ရွက်ပေးနေမှုများကို သိရှိနိုင်ရန် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းနှင့် The Voice တို့ တွေ့ဆုံမေးမြန်း ထားသည်ကို ဖော်ပြ ပေးလိုက်ပါသည်။

Voice : ဂျပန်ဦးနှောက်ရောင် ရောဂါဆိုတာ ဘယ်အသက်အရွယ်တွေမှာ ဖြစ်နိုင်ပါသလဲရှင့်။ 
Dr HHL : အသက်အရွယ် မရွေး ကူးစက်နိုင်ပေမယ့် အသက် ၁၅ နှစ်အောက် ကလေးတွေမှာ ကူးစက်မှုနှုန်း ပိုများပါတယ်။ 

Voice : ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ကြိုတင် ကာကွယ် နိုင်ပါသလားရှင့်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေနဲ့ ဒီရောဂါနဲ့ ပတ်သက်ပြီး ကာကွယ်ဆေး ထိုးပေးနိုင်မယ့် အခြေအနေ ရှိပါသလားရှင့်။ ကာကွယ်ဆေး ထိုးဖို့ကို ၂ဝ၁၇ မှာ ထိုးပေးနိုင်မယ်လို့ ကြားသိရထားတာ ဟုတ်ပါသလားရှင့်။
Dr HHL : ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး ထိုးပြီး ကာကွယ်နိုင်ပါတယ်။ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ မပါဝင်သေးပါဘူး။ နိုင်ငံအတွင်း ဖြစ်ပွားသော ကျန်းမာရေး ပြဿနာအရ ကာကွယ်ဆေး အသစ်များကို နှစ်စဉ် ထည့်သွင်းရာမှာ ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေးကို ၂ဝ၁၈ မှ ထည့်သွင်းဖို့ အကြံပေး ကော်မတီ အကြံပေးချက်အရ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ဆုံးဖြတ်ထားပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွားမှု နည်းသေးပေမယ့် နာတာရှည် ဖြစ်ဖို့နဲ့ သေဆုံးမှု များတဲ့အတွက် ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ အသက် ကိုးလက ငါးနှစ် အတွင်း ကလေး အားလုံးကို တစ်နိုင်ငံလုံးမှာ ထိုးပေးဖို့ စီစဉ်ထားပါတယ်။  Gavi The vaccine  alliance ရဲ့ အထောက်အပံ့နဲ့ ကလေးလူငယ် ၁၄ သန်းခန့်ကို ထိုးနှံပေးမှာပါ။ အဲဒီအစီအစဉ် ပြီးတာနဲ့ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက် ကိုးလအရွယ် ကလေးတွေကို စတင် ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် နောက်ပိုင်း ဂျပန်ဦးနှောက်ရောင် ရောဂါ စုံစမ်း ထောက်လှမ်းမှု စနစ် ပိုမို ကောင်းမွန်လာတာနဲ့အမျှ ရောဂါဖြစ်ပွားမှု အခြေအနေကို ပြည်သူများနဲ့ သတင်း မီဒီယာများ ပိုမို သိရှိ နိုင်လာပါတယ်။ ကာကွယ်ရေး လုပ်ငန်းများအတွက် အားသာတဲ့အချက် ဖြစ်ပါတယ်။

Voice : ဂျပန်ဦးနှောက်ရောင် ရောဂါဟာ ကူးစက်နိုင်ပါသလားရှင့်။ သတိ ထားသင့်တဲ့ အချက်တွေရှိရင် ပြောပြပေးပါ ဆရာမ။
Dr HHL : လူမှ လူသို့ မကူးစက်ပါ။ ခြင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်လို့ ခြင် မပေါက်ပွားအောင်နဲ့ ခြင်အကိုက် မခံရအောင် နေရမယ့် နည်းလမ်းတွေ လိုက်နာရပါမယ်။ ကာကွယ်ဆေးကို စောစီးစွာ ထိုးနှံထားရပါမယ်။ ကာကွယ်ဆေးကို အသက် ကိုးလမှ စပြီး ထိုးနိုင်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု ကာကွယ်ဆေးကိုသာ ထိုးသင့်ပါတယ်။ ဘေးထွက် ဆိုးကျိုး နည်းပြီး အစွမ်းထက်တဲ့ ကာကွယ်ဆေး ဖြစ်ပါတယ်။

Voice : လတ်တလော ရှမ်းပြည်နယ် မြောက်ပိုင်းက မြို့နယ် ၁ဝ မြို့နယ်မှာ ကလေး သေဆုံးမှုတွေပါ ရှိနေမှုအပေါ် ကာကွယ်ဆေးထိုး စီမံချက် အနေနဲ့ ဘာတွေ လုပ်ပေးမယ်ဆိုတာ သိပါရစေရှင့်။
Dr HHL : ကာကွယ်ဆေးကို ရောဂါ မဖြစ်ခင် မကူးစက်ခင်မှာ ထိုးသင့်ပါတယ်။ ကာကွယ်ဆေး ထိုးပြီးပြီးချင်းလည်း ကာကွယ်မှုကို ချက်ချင်း မရနိုင်ပါဘူး။ ဒါကြောင့် အချို့ ကျေးရွာတွေမှာ ကာကွယ်ဆေး တုံ့ပြန် ထိုးနှံဖို့ စီစဉ်ထားပေမယ့် ဗိုင်းရပ်စ်ပိုးနဲ့ ခြင်တွေက ပျံ့နှံ့နေတဲ့အတွက် အခြား နေရာတွေမှာ ဆက်ဖြစ်နိုင်ပါသေးတယ်။ ရာသီကလည်း ခြင်ပေါက်ပွားမှုအပေါ် မူတည်ပြီး ကူးစက်မှု အမြင့်ဆုံး ရာသီ ဖြစ်ပါတယ်။ ဒါကြောင့် ခြင်မကိုက်အောင် ကာကွယ်ဖို့ လိုပါတယ်။ ကာကွယ်ဆေးကတော့ အသက်အုပ်စု ကျယ်ပြန့်စွာ အသက် ကိုးလက ငါးနှစ်အတွင်း ကလေး အားလုံးကို တစ်နိုင်ငံလုံးမှာ ထိုးပေးပြီး လှည့်ပတ်နိုင်နေတဲ့ ဗိုင်းရပ်စ်ပိုး ကူးစက် ခံရနိုင်မှုကို တစ်ပြိုင်နက်တည်း လျှော့ချနိုင်တာ အကောင်းဆုံးပါပဲ။ အဲဒီ အစီအစဉ် ပြီးတာနဲ့ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ အသက် ကိုးလအရွယ် ကလေးတွေကို လွှမ်းခြုံမှု မြင့်မားစွာ ထိုးပေးထားရပါမယ်။

ရလေး

  • VIA