News

POST TYPE

HEALTH

Universal Eye Health နှင့် စိန်ခေါ်မှုများ

Universal Eye Health -  မျက်မှောက်ကာလ ၌ အကျုံးဝင် လျက်ရှိသော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မျက်စိ ကျန်းမာရေးဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာတစ်ဝန်း အကောင်အထည်ဖော်မှု အစီအစဉ် (၂၀၁၄-၂၀၁၉)ကို ရေးဆွဲထုတ်ပြန်ခဲ့ရာ တန်းတူညီမျှမှု ရှိစေရေး၊ လူ့အခွင့်အရေး အပြည့်အဝ ရရှိရေးနှင့် လူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ပိုင်ခွင့် (ကုသမှုခံယူနိုင်ခွင့်) ရရှိရေးများအတွက် ရေးဆွဲထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။ တွေ့ရှိချက်များကို စနစ်တကျ ထုတ်ပြန်ကြေညာရန်နှင့် ပွင့်လင်းမြင်သာသော ထိရောက်သည့် လုပ်ငန်းများကို ဦးစားပေးမည့် ၎င်းအစီအစဉ်က “မည်သူတစ်ဦးတစ်ယောက်မျှ ကျန်ရစ်ခဲ့ခြင်းမရှိစေရ”ဟူ၍ အာမခံချက်ပေးထားပါသည်။

လွန်ခဲ့သော ၂၀၁၀ ပြည့်နှစ်၌ ကမ္ဘာတစ်ဝန်း ဝန်ပိစေသောရောဂါများ (Global Burden of  Disease- GBD) ကို လေ့လာရာတွင် မျက်မမြင် ပျံ့နှံ့မှုနှုန်းထားသည် ၁၉၉၀ ပြည့်နှစ်၌ သုညဒသမ ၆ ရာခိုင်နှုန်းရှိရာမှ ၂၀၁၀ တွင် သုည ဒသမ ၄၇ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း ဖော်ပြထားသည်။ ဤအချက်ကိုကြည့်လျှင် ကမ္ဘာတစ်ဝန်း ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ တိုးတက်လာသည်ဟု ယူဆနိုင်ဖွယ် ရှိပါသည်။ သို့ပေမယ့် ယင်းသည် အသက် အပိုင်းအခြားကိုသာ အခြေခံ လေ့လာထားသော တွေ့ရှိချက်မျှသာ ဖြစ်၍ ပိုမိုကျယ်ပြန့်သော နိုင်ငံပေါင်းစုံ ဖြန့်ကြက်လေ့လာမှုအပိုင်း၌  အားနည်းချက် ရှိသည်ကို တွေ့ရပါမည်။ 

သုတေသီတို့၏အမြင် -  သုတေသီအချို့ကမူ အမြင်အာရုံဆိုင်ရာ စောင့်ရှောက်မှု လုပ်ငန်းများ၏ တိုးတက်မှုသည် လူနေမှု အဆင့်အတန်းတွင်လည်း မူတည်ကြောင်း ညွှန်ပြကြသည်။ ဥပမာအားဖြင့် အာဖရိကနှင့် လက်တင်အမေရိကတို့တွင် လူမှုအဆင့်အတန်း အလွန် နိမ့်ကျသောကြောင့် မျက်မမြင် ကျဆင်းရေး၊ အမြင်အာရုံ ယိုယွင်းအားနည်းမှု ကျဆင်းရေး၊ သတင်းများ ရယူရေးနှင့် အတွင်းတိမ် ခွဲစိတ်ကုသမှု စံနှုန်း စသည်များမှာ အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှု မရှိကြောင်း၊ အဆိုပါနိုင်ငံများသည် အထောက်အပံ့များ လိုအပ်လျက်ရှိရာ ချမ်းသာကြွယ်ဝသူ အလှူရှင်များကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးကြရန် လိုအပ်ကြောင်း အကြံပြုထားပါသည်။

မသန်စွမ်းသူများနှင့် ဆင်းရဲနွမ်းပါးသော နိုင်ငံများ -  မသန်စွမ်းသူများနှင့် စပ်လျဉ်း၍ WHO နှင့် ကမ္ဘာ့ဘဏ်တို့ ပူးတွဲထုတ်ပြန်သော အစီရင်ခံစာတွင် မသန်စွမ်းသူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်ရာတွင် အဓိက အခက်အခဲ နှစ်မျိုး ကြုံတွေ့ရကြောင်း၊ ၎င်းတို့မှာ ကောင်းမွန်သော သယ်ယူပို့ဆောင်ရေး (မသန်စွမ်းသူတို့ ကြို/ပို့) စနစ်နှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူနိုင်မှု (ကျန်းမာရေး ဝန်ထမ်းများ၏ အကြံပြု ညွှန်ကြားချက်များကို လိုက်နာနိုင်စွမ်းရှိမှု) အခြေအနေတို့ပင်ဖြစ်ကြောင်း ညွှန်ပြကြပါသည်။ 
မသန်စွမ်းသူများ သာမက ဝင်ငွေနိမ့်ကျသော နိုင်ငံများရှိ မသန်စွမ်း မဟုတ်သော အမျိုးသမီး ၃၆ ရာခိုင်နှုန်းနှင့် အမျိုးသား ၄၀ ရာခိုင်နှုန်းတို့မှာ မသန်စွမ်း အမျိုးသမီး ၆၁ ရာခိုင်နှုန်းနှင့် အမျိုးသား ၅၉ ရာခိုင်နှုန်းတို့နည်းတူ ကျန်းမာရေးဌာနများသို့ သွားနိုင်ခြင်းမရှိကြောင်း အထက်ပါ အစီရင်ခံစာက ဆိုပါသည်။

ဖြေရှင်းရန်နည်းလမ်းများ - မျက်စိကျန်းမာရေး လုပ်ငန်းများကို ထောက်ပံ့မှုများ ပေးနိုင်ရန်အတွက် အချက်အလက်များ စုဆောင်းရာတွင် အသက်အရွယ်နှင့် ယောက်ျား/မိန်းမ၊ လိင် ကွဲပြားခြားနားမှု၊ စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေအနေများကို သာမက လူနည်းစု မျိုးနွယ်များ၊ ရွှေ့ပြောင်းနေထိုင်သူများ၊ မသန်စွမ်းဖြစ်နေသူများနှင့် သက်ဆိုင်သော အချက်များကိုပါ စုဆောင်းရန် လိုပါသည်။ 

ငွေကြေးနှင့် အခြား အထောက်အပံ့များ ရရှိရန် လိုအပ်ပါသည်။ (ပြည်တွင်းနှင့် နိုင်ငံတကာမှ အလှူရှင်များအား မျက်စိကျန်းမာရေး စောင့်ရှောက်မှုများ၏ အခြေအနေမှန်များကို ပိုမို သိရှိလာအောင် နည်းလမ်းများ ရှာသင့်ပါသည်) အသက်အရွယ် မရွေး၊ ယောက်ျား မိန်းမ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မျိုးရိုး ဇာတိ နေရာ ဒေသ မရွေး၊ ပညာ အဆင့်အတန်းရှိသူနှင့် မရှိသူ၊ မသန်စွမ်းသူများ အပါအဝင် လူတိုင်းလူတိုင်းအား တန်းတူညီမျှ စိတ်ထား၍ ကုသမှုစောင့်ရှောက်မှု ပေးနိုင်သော မျက်စိကျန်းမာရေး ဌာနများ၊ ယူနစ်များ၊ မျက်စိဆရာဝန်များ၊ ပညာရှင်များကို စုစည်းရန် လိုအပ်ပါသည်။

မသန်စွမ်းသူများကို စဉ်ဆက်မပြတ် ပါဝင်လာစေရေးအတွက် ကျန်းမာရေး ယူနစ်များက ကြိုးစားကြရန် လိုပါသည်။ မျက်စိ ကျန်းမာရေး လုပ်ငန်းများကို ထောက်ပံ့ပေးသူများကလည်း စီးပွားရေး လုပ်ငန်းရှင်များအား စုစည်း၍ ၎င်းတို့၏ ဝန်ထမ်းများအား မျက်စိကျန်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ရစေရန် (စစ်ဆေးမှုများကို လက်ခံလာကြစေရန်) တိုက်တွန်းကြရပါမည်။

အရေးကြီးဆုံးသော အချက်မှာ အမြင်ချို့တဲ့သူများသည် မိမိတို့က စောင့်ရှောက်မှု ပေးရသော လူနာများ အဖြစ်သာ မဟုတ်ဘဲ မိမိတို့၏ လုပ်ငန်းအပေါ် လူတန်းစားအလွှာ အသီးသီးက ယုံကြည်မှု ရှိလာရန်နှင့် လျင်မြန်စွာ တိုးတက်ရေးအတွက် အဓိက ပံ့ပိုးမှုပေးသော အရေးပါသူများ ဖြစ်သည်ဟူသော ခံယူချက် ထားရှိလျက် စိတ်စေတနာ ကောင်းဖြင့် စောင့်ရှောက်မှု ပေးကြရန်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။

မောင်ပြည့်အောင်

(Ref : 'Inequality And Inequity In Eye Health'.Johannes Trimmel, Director: Policy and Advocacy)