News

POST TYPE

HEALTH

စစ်တွေဆေးရုံကြီးသို့ ပဋိပက္ခကာလအတွင်း တက်ရောက်သည့်လူနာ ၉၆ ဦးရှိ
20-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု၊ ပဋိပက္ခများကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အထိ ဆေးရုံတက်ရောက် ကုသသည့်လူနာ ၉၆ ဦးရှိကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက အတည်ပြု ပြောကြားသည်။

“ထိခိုက်တာကြောင့် လာတဲ့လူနာက အစောပိုင်းရက်တွေမှာပဲ ရှိတယ်။ ၁၅ ဦးထက် မပိုဘူး။ အရိုးဆောင်နဲ့ ခွဲစိတ်ဆောင်ကိုပဲ သွားကြတာ။ ဒီအတောအတွင်းမှာ စစ်ဘေးရှောင်စခန်းတွေနဲ့ ဒေသအသီးသီးက လာတဲ့လူနာတွေက သာမန် ဖျားနာတာလောက်ပါပဲ”ဟု ၎င်းကရှင်းပြသည်။

ယင်းပဋိပက္ခ ဖြစ်ပွားမှုကြောင့် ဩဂုတ်လ ၂၅ ရက်နေ့မှ စက်တင်ဘာလ ၁၈ ရက်နေ့အတွင်း ပြင်ပလူနာ ၁၄၅ ဦးနှင့် အတွင်းလူနာ ၉၆ ဦးတို့တွင် ကလေးလူနာ ၃၅ ဦးနှင့် သာမန် ရောဂါဖြစ်ပွားသည့် လူနာများကို ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး သေဆုံးသူ ၂ ဦးရှိကြောင်း ဆေးရုံအုပ် ဒေါက်တာကျော်နိုင်ဝင်းက ဖြည့်စွက် ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့်နေရာများတွင် ကျန်းမာရေး ပြုစုစောင့်ရှောက်မှုများ ပြန်လည် လုပ်ဆောင်လျက်ရှိနေပြီး စစ်ဘေးရှောင်စခန်းများသို့ ကွင်းဆင်းကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနထံမှ သိရသည်။

စစ်တွေဆေးရုံကြီးသည် ခုတင် ၅၀ဝ ဆံ့ ဆေးရုံကြီးဖြစ်ပြီး ယင်းဆေးရုံသို့ နေ့စဉ် ပုံမှန်လာရောက်ပြသသည့် ပြင်ပလူနာ ၂၀ဝ ကျော်ရှိကာ အတွင်းလူနာအဖြစ် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသည့် လူနာမှာ ၂၆၈ ဦးရှိကြောင်း ယင်းဆေးရုံ၏ အချက်အလက်များအရ သိရသည်။

J-12


  • VIA