News

POST TYPE

HEALTH

ရန်ကုန်ဆေးရုံကြီးအတွင်း၌ ဆေးဆိုင် အောက်တိုဘာ၌ စဖွင့်မည်
ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်ဆေးရုံကြီးတွင် နိုင်ငံခြားဖြစ် ဆေးမျိုးစုံပါ ဆေးဆိုင်ကြီးတစ်ဆိုင်ကို စက်တင်ဘာလတွင် ဖွင့်လှစ်ရန် စီစဉ်ထားသော်လည်း တင်သွင်းမည့်ဆေး အမှတ်တံဆိပ်များကို စာရင်းပြုစုနေရသည့်အတွက် ဖွင့်လှစ်မည့်အချိန်ကို အောက်တိုဘာလသို့ ပြောင်းလဲလိုက်ကြောင်း ယင်းဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

“ရောဂါကုသရေးဌာနအလိုက် သမားတော်ကြီးတွေက လိုအပ်မယ့် ဆေးဝါးစာရင်းကို ပြုစုနေတုန်းမို့လို့ နည်းနည်း အချိန်ထပ်ယူလိုက်တဲ့ သဘောပါပဲ။ လူနာရှင်တွေ အပြင်မှာ ဝယ်ယူဖို့မလွယ်တဲ့ ရှားပါးနိုင်ငံခြားဖြစ် ဆေးတံဆိပ်တွေ ဦးစားပေး ရောင်းမယ်။ ပြင်ပထက်လည်း ဈေးသက်သာရအောင် စီစဉ်ထားပါတယ်”ဟု ရန်ကုန်ပြည်သူ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့၊ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ခုတင် ၂၀ဝ၀ ဆေးရုံကြီးအဖြစ် တိုးချဲ့ထားသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူရန် နေ့စဉ် ရောက်ရှိလာသော ပြင်ပလူနာနှင့် အရေးပေါ် လူနာဦးရေ ၈၀ဝ နှင့် ၁၀ဝ၀ ကြား ပုံမှန်ရှိရာတွင် လူနာများအနေနှင့် ဆေးဝါးလိုအပ်ပါက ပြင်ပ၌ ဈေးကြီးပေးဝယ်ယူနေရခြင်းကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆေးဆိုင် တစ်ဆိုင်ဖွင့်ရန် ခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ကုသရေးဦးစီးဌာနထံမှ သိရသည်။

ယင်းဆေးဆိုင်ကြီးတွင် အရည်အသွေး စစ်မှန်သော ဈေးနှုန်းဖြင့် ရောင်းချရေး၊ အခြား ဆေးဝါးဖြန့်ဖြူးသည့် ကုမ္ပဏီထက် ၁၀ ရာခိုင်နှုန်းသာ အမြတ်ယူရောင်းချရေးနှင့် ပုဂ္ဂလိက ဝန်ထမ်းများကို ခေါ်ယူခန့်ထားရေး အပါအဝင် ဆေးဆိုင်ကို ပုဂ္ဂလိက ကန်ထရိုက်စနစ်ပုံစံ မရှိစေရေးဟူသော စည်းကမ်းသတ်မှတ်ချက် လေးချက်နှင့်အညီ ရောင်းချပေးရန် စီစဉ်ထားကြောင်း ရန်ကုန်ပြည်သူ့ဆေးကြီး၊ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

အဆိုပါ ဆေးဆိုင်ကြီးတွင် ပြင်ပမှ ခေါ်ယူခန့်အပ်ထားသော ဆေးဝါးကျွမ်းကျင် အဆင့်ဝန်ထမ်း ၇ ဦး ထားရှိမည်ဖြစ်ပြီး ဆေးဝယ်ယူသည့် လူနာရှင်များအနေနှင့် ဆေးဝါးဈေးနှုန်းကို သတ်မှတ်သည်ထက် ပိုမိုရောင်းချပါက ဆေးရုံကြီးအုပ်ချုပ်ရေးအဖွဲ့ထံ အချိန်မရွေး သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း၊ အလားတူ ရန်ကုန်မြို့ရှိ အစိုးရပိုင်ဆေးရုံကြီး ၂၀ ကျော်အနက် ကွန်ပျူတာစနစ်သုံး ဆေးဆိုင်ကြီးတစ်ဆိုင်ကို ရန်ကုန် ကလေးဆေးရုံကြီး (ဟယ်ပင်)တွင် လိုအပ်ချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပထမဆုံး ဖွင့်ခွင့်ပြုခဲ့သည်။ 

J-12