News

POST TYPE

HEALTH

ပြည်ခရိုင်တွင် သွေးလွန်တုပ်ကွေး လူနာ သုံးရာကျော်ရှိပြီး ငါးဦး သေဆုံး
ပြည်၊ စက်တင်ဘာ ၁၆

ပဲခူးတိုင်းအနောက်ပိုင်း ပြည်ခရိုင်တွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူလူနာမှာ သုံးရာကျော်ရှိလာပြီး ငါးဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ယခုနှစ် သွေးလွန်တုပ်ကွေးရာသီဖြစ်သော မေလမှစတင်ကာ ယခုစက်တင်ဘာလ ၁၄ ရက်နေ့အထိ စာရင်းများအရ ပြည်ခရိုင် ခြောက်မြို့နယ်ရှိ အစိုးရဆေးရုံနှင့် ပြင်ပပုဂ္ဂလိက ဆေးရုံများတွင် တက်ရောက်ကုသသူ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ လူနာ ၃၇၇ ဦးထိရှိနေပြီး ငါးဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းဌာနထံမှ စုံစမ်းသိရှိရသည်။

အသက်ငါးနှစ်မှ ကိုးနှစ်အတွင်း ကလေးများတွင် သွေးလွန်တုပ်ကွေးအဖြစ် များနေရာ ပြည်ခရိုင်အတွင်း စာသင်ကျောင်းများ၊ သွေးလွန်တုပ်ကွေးအဖြစ် များသည့် ရပ်ကွက်များတွင် ဆေးခတ်ခြင်းများ၊ ကျန်းမာရေး အသိပညာပေး ဆွေးနွေးခြင်းအပြင် ခြင်နှိမ်နင်းရေး ဆေးမှုတ်ခြင်း၊ ဖျားနာနေသော ကလေးများရှိ မရှိစောင့်ကြည့်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဌာနတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“သွေးလွန်တုပ်ကွေး ဖြစ်တာက အရင်တုန်းက ရာသီအလိုက်ပဲ ဖြစ်တယ်။ အခုက တစ်နှစ်ပတ်လုံးလို ဖြစ်နေတယ်။ နိုဝင်ဘာ၊ ဒီဇင်ဘာထိတောင် သွေးလွန်တုပ်ကွေး လူနာစာရင်းတွေ တက်နေတာရှိတယ်”ဟု ခရိုင်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဓိက ရောဂါဖြစ်ပွားရသည်မှာ ခြင်ကြောင့်ဖြစ်ပြီး ရေတင်နေနိုင်သည့် နေရာများ၊ အမှိုက်ပစ်ခြင်း၊ အမှိုက်သိမ်းခြင်းတို့ စနစ်တကျ စွန့်ပစ်ရန်၊ ခြင်ပေါက်ဖွားနိုင်သော ရေတင်ကျန်မှု မရှိစေရန် ပြုလုပ်သင့်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေးရောဂါ ၁၉၆၅ ခုနှစ်၌ ရန်ကုန်မြို့တွင် စတင်ဖြစ်ပွားခဲ့ပြီး ၁၉၇၀ ပြည့်နှစ် အရောက်တွင် ရန်ကုန်မြို့တွင် ကပ်ရောဂါ အသွင်ဖြစ်ပွားခဲ့ကာ အဆိုပါစတင်ဖြစ်ချိန်မှစ၍ ယနေ့အထိ ရောဂါဖြစ်ပွားမှုနှုန်း ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

M-06