News

POST TYPE

HEALTH

ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သုံးစွဲမှုကြောင့် နှစ်စဉ် ခြောက်သောင်းကျော် သေဆုံး
11-Sep-2017
နေပြည်တော်၊ စက်တင်ဘာ ၁၁

မြန်မာနိုင်ငံတွင် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများကို သုံးစွဲရာမှ ဖြစ်ပေါ်လာသောရောဂါများကြောင့် နှစ်စဉ် လူ ခြောက်သောင်းကျော် သေဆုံးနေကြောင်း နိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့သောသဝဏ်လွှာတွင် ဖော်ပြထားသည်။

နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာနတွင် ယနေ့ (စက်တင်ဘာ ၁၁ ရက်) ကျင်းပသည့် ကွမ်းယာနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေးအတွက် မီဒီယာများမှတစ်ဆင့် လူထုလှုံ့ဆော်ပွဲ စတင်ဖွင့်လှစ်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာတွင် ယင်းကဲ့သို့ ဖော်ပြထားသည်။

ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးထွက် ပစ္စည်းမျိုးစုံ ပါဝင်သည့် ကွမ်းစားသုံးခြင်း၊ ကွမ်းနှင့်ဆေးရွက်ငုံခြင်းသည် ပြည်သူ့ကျန်မာရေးကို ထိခိုက်နေသဖြင့် ၂၀၀၆ ခုနှစ် မေလတွင် အစိုးရအသစ် တက်လာချိန်မှစပြီး ဌာနဆိုင်ရာ ရုံးများ၊ ဆေးရုံများ၊ ကျောင်းများနှင့် အများပြည်သူ စုဝေးနေရာများတွင် ကွမ်းစားခြင်း မပြုရေးအတွက် ဌာနဆိုင်ရာ တာဝန်ခံ အသီးသီးကို တာဝန်ယူပြီး အသိပညာပေးမှုများ၊ ကန့်သတ်မှုများပြုလုပ်ရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင် ကျောင်းသား လူငယ်များ၊ ၁၃ နှစ်အောက် လူငယ်များ စတင်သုံးစွဲခြင်း မပြုစေရေးနှင့် သုံးစွဲမိသူများရှိပါက အန္တရယ်ကြီးမားလှသော သုံးစွဲမှုကို ရပ်တန့်ရေးကို စုပေါင်းဆောင်ရွက်ကြရန် ၎င်းပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။

“အာဆီယံနိုင်ငံတွေမှာ မြန်မာက ဆေးရွက်ကြီးထွက် ပစ္စည်းတွေ ကွမ်းယာထဲ ထည့်စားတာ အများဆုံး ဖြစ်နေတယ်။ ဒါ့ကြောင့် ကျမတို့ရဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်နေတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်အထက် အရွယ်ရောက်သူ စုစုပေါင်း ၃ဝ ရာခိုင်နှုန်းမှာ ခံတွင်းနှင့် လည်ချောင်းကင်ဆာကို အဓိကဖြစ်ပွားစေသော ဆေးရွက်ကြီးငုံပြီး ကွမ်းစားမှုများ ပြုလုပ်နေကြောင်း ဆေးရွက်ကြီးသုံးစွဲမှုနှင့် ဆက်စပ်ဖြစ်သည့် ရောဂါဖြစ်ပွားသေဆုံးမှုသည် အခြားနိုင်ငံများထက် မြင့်သည်ဟု ပြည်သူ့ကျန်မာရေးဖောင်းဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်အတွင်း သေဆုံးသူ အားလုံးအနက် ၅၉ ရာခိုင်နှုန်းမှာ မကူးစက်တတ်သော ရောဂါများကြောင့်ဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ စုံးစမ်း သိရှိရသည်။

T.L


  • VIA