News

POST TYPE

HEALTH

စားသုံးသူများထံသို့ ကြက်ဥ၊ ကြက်သား တိုက်ရိုက် ရောင်းချမည့် အစီအစဉ် စတင်
09-Sep-2017


ပုံစာ - မနော်ရမ္မံလူထုဟစ်တိုင်ကွင်းရှိ ကြက်ဥကြက်သားအရောင်းဆိုင်များတွင် ဝယ်ယူနေသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - မြတ်မင်း
မန္တလေး စက်တင်ဘာ ၉

မန္တလေးမြို့ရှိ ကြက်ဥ ကြက်သားထုတ်လုပ်သူများက အပတ်စဉ် စနေနေ့တိုင်း စားသုံးသူများထံ တိုက်ရိုက် ရောင်းချပေးမည့် အစီအစဉ်ကို စက်တင်ဘာလ ၉ ရက်နေ့က စတင်လိုက်သည်။

ကြက်ဥကြက်သား ထုတ်လုပ်သူများက မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ စက်တင်ဘာလ ၉ ရက်နေ့က စတင်ကာ တစ်ပတ်လျှင် တစ်ရက်နှုန်းဖြင့် စားသုံးသူများထံ တိုက်ရိုက် ရောင်းချမည့်ဈေး ဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာနေသူရိန်က ပြောကြားသည်။

ကြက်အရှင် ခြံဖမ်းဈေးနှုန်းအနေနှင့် တစ်ပိသာလျှင် ကျပ် ၂၀ဝ၀ ခန့်သာ ပေါက်ဈေးရှိသော်လည်း လက်လီဈေးကွက်တွင် ကျပ် ၄၀ဝ၀ မှ ၅၀ဝ၀ အကြားရှိနေခြင်းကြောင့် ဈေးနှုန်းကွာဟမှု လျော့နည်းစေရန် ရောင်းချပေးခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်အနေနှင့် အပတ်စဉ် စနေနေ့တိုင်း နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ရောင်းချပေးမည်ဖြစ်ကာ ကြက်သား တစ်ပိသာလျှင် ၂၅၀ဝ ကျပ်မှ ၃၅၀ဝ ကျပ်၊ ကြက်ဥတစ်ပိသာ (အလုံး ၂၀ ကျော်) လျှင် ၂၃၀ဝ ကျပ်နှုန်းဖြင့် မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ ရောင်းချပေးခဲ့ခြင်းဖြစ်သည်။

“ဈေးမှာ ဝယ်ရတာက ကြက်သား တစ်ပိသာကို (ကျပ်) ၅၀ဝ၀ ကျော်။ ဒီမှာက တစ်ပိသာမှ ၂၅၀ဝ ဆိုတော့ အဆင်ပြေတယ်”ဟု ဗောဓိကုန်ရပ်ကွက်မှ လာရောက် ဝယ်ယူသူ ဒေါ်နီနီဝင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကြက်ဥကြက်သား စားသုံးမှုများကြောင့် ရာသီတုပ်ကွေး H1N1 ရောဂါကူးစပ်သည်ဟူသော ကောလာဟလများကြောင်း ကြက်ဥ၊ ကြက်သား စားသုံးမှု လျော့ကျခဲ့ရာ မန္တလေးတိုင်း မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်က ဦးဆောင်ကာ ဩဂုတ်လ ၁၉ ရက်နှင့် ၂၀ရက်နေ့တို့ကလည်း မန္တလေးတွင် မနော်ရမ္မံ လူထုဟစ်တိုင်ကွင်း၌ အရောင်းမြင့်တင်သည့်အနေနှင့် ကြက်ဥ၊ ကြက်သား ဈေးရောင်းပွဲတော် ပြုလုပ်ခဲ့သေးသည်။

M-05

  • VIA