News

POST TYPE

HEALTH

ရောဂါအဖြစ်များသည့်နေရာများ၌ H1N1 ကာကွယ်ဆေး တစ်သိန်းကျော် ထိုးပေးမည်
07-Sep-2017 tagged as H1N1


ရန်ကုန်၊ စက်တင်ဘာ ၇

ရာသီတုပ်ကွေးရောဂါ (H1N1) ကာကွယ်ဆေး အလုံးရေ တစ်သိန်းကျော်ကို ရောဂါဖြစ်ပွားမှုများသည့် နေရာများတွင် အခမဲ့ ထိုးနှံပေးမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်က ပြောကြားသည်။

“စက်တင်ဘာလ နောက်ဆုံးအပတ်၊ ဒါမှမဟုတ် အောက်တိုဘာလမှာ ထိုးပေးဖို့ လုပ်နေတယ်။ စာရင်းတွေရတာနဲ့ မကြာခင်မှာပဲ ပြည်နယ်နဲ့ တိုင်းတွေကို ဖြန့်တော့မှာ”ဟု ၎င်းကရှင်းပြသည်။

အဆိုပါရောဂါသည် တိုင်းနှင့် ပြည် နယ်အလိုက် ဖြစ်ပွားမှုများရှိသော်လည်း ဖြစ်ပွားမှုအများဆုံးဖြစ်သည့် ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့သည် ဖြစ်ပွားမှု၊ သေဆုံးမှု အများဆုံးဖြစ်သည့်အတွက် ယင်းနေရာသုံးခုကို ဦးစားပေးထိုးနှံမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောဆိုသည်။

အဆိုပါ H1N1 ကာကွယ်ဆေးကို တရုတ်နိုင်ငံက အလုံးရေ တစ်သိန်းနှင့် အိန္ဒိယနိုင်ငံက အလုံးရေ တစ်သိန်းတစ်သောင်း လှူဒါန်းထားကြောင်း၊ ယင်းတို့ထဲမှ H1N1 ဖြစ်ပွားမှု အများဆုံးနှင့် လူနေထူထပ်သည့်နေရာများရှိ ကိုယ်ဝန်ဆောင်များနှင့် အသက်ငါးနှစ်အောက် ကလေးငယ်များအတွက် အလုံးရေ တစ်သိန်းကျော်ကို ထိုးနှံပေးမည်ဖြစ်ပြီး ကျန်ရှိသော အလုံးရေ တစ်သိန်းကျော်ကို ကျန်းမာရေးဝန်ထမ်းများကို ထိုးနှံပေးမည်ဖြစ်ကြောင်း ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းနိုင်က ဖြည့်စွက်ပြောကြားသည်။

“ဧရာဝတီတိုင်းဘက်မှာ ကိုယ်ဝန်ဆောင်တွေ ဆုံးရှုံးတာရှိတယ်။ ကိုယ်ဝန်ဆောင်က တစ်နှစ်ကို ကိုးသိန်းနဲ့တစ်သန်းကြားမှာရှိတယ်။ ဆေးရတာက တစ်သိန်းပဲရှိတော့ ကိုယ်ဝန်ဆောင်တိုင်းကို ထိုးမပေးနိုင်ဘူး”ဟု ၎င်းကဆိုသည်။

ယင်းကာကွယ်ဆေးကို အဖြစ်များသည့်နေရာများအပြင် တစ်နိုင်ငံလုံးတွင်ရှိသော ကျန်းမာရေးဝန်ထမ်း တစ်သိန်းခြောက်ထောင်နီးပါးကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် လူတိုင်းနှင့် ထိတွေ့နေရသည့်အတွက် ၎င်းတို့မှတစ်ဆင့် ကိုယ်ခံအားနည်းသည့် လူနာများသို့ မကူးစက်အောင် ထိုးနှံပေးခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ဇူလိုင်လ၂၁ ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူ စုစုပေါင်းလူနာ ၁၀၂၉ ဦးအနက် H1N1 ပိုးတွေ့လူနာ ၃၆၉ ဦးရှိကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၂ ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ၈ ဦး၊ ပဲခူးတိုင်းဒေသကြီးတွင် ၆ ဦးနှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင် ၁၀ ဦးဖြင့် စုစုပေါင်း သေဆုံးသူ ၃၆ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

J-12