News

POST TYPE

HEALTH

လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် H1N1 သေဆုံးမှု မြင့်တက်
03-Sep-2017

ပုသိမ်၊ စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေ သိပ်သည်းမှု၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတို့ကြောင့် ရောဂါဖြစ်ဖြစ်ချင်း ဆေးကုသမှု မခံရသည့်အတွက် သေဆုံးမှု မြင့်တက်ရကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။ 

ဩဂုတ် ၃၁ ရက်က ကျင်းပသော တိုင်းဒေသကြီး လွှတ်တော်တွင် ငပုတောမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ဦးဖြိုးဇော်ရွှေက  ရာသီတုပ်ကွေးရောဂါ Seasonal Influenza A( H1N1 ) pdm 09 virus နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး၊ ကုသရေး၊ အသိပညာပေးမှု၊ သတင်းထုတ်ပြန်မှုအပေါ် စီမံဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ သိရှိလိုကြောင်း မေးမြန်းရာ ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

ရာသီတုပ်ကွေးရောဂါ Seasonal Influenza A( H1N1 ) pdm 09 သည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၁၀ခုနှစ် ဩဂုတ်လမှ စတင်ကာ ရာသီတုပ်ကွေးရောဂါအဖြစ် သတ်မှတ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံများမှာ နှစ်စဉ် ကူးစက်ပြန့်ပွားသည့်ရောဂါဟု ထုတ်ပြန်ထားကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။ 

ရောဂါဖြစ်ပွားမှုကို ဆောလျင်စွာ သိရှိပါက ပျောက်ကင်းနိုင်ပြီး H1N1 ကို ကာကွယ်ရန် လူတိုင်း ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော ကာကွယ်မှု နည်းလမ်းအတိုင်း ပြည်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ရောဂါလက္ခဏာများကို ပြည်သူများ သိရှိစေရန် ဌာနဆိုင်ရာများနှင့် ပညာပေး ဟောပြောပွဲများ လုပ်ဆောင်ကြောင်း ၎င်းက ရှင်းပြသည်။

ရောဂါဖြစ်ပွားခြင်း၊ ကူးစက်ခံရခြင်းတို့ကို သံသယရှိပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှု ခံယူရန် လိုအပ်ကြောင်း၊ ဆေးရုံဆေးခန်းများတွင်လည်း ယင်းရောဂါ ကုသရေးအတွက် သီးသန့်ဆောင်ထားရှိခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအတွက် ပိုးသတ်ဆေးနှင့် ကာကွယ်ဆေးများ ထားရှိထားကြောင်း၊ H1N1 ဖြစ်ပွားမှု၊ ကူးစက်မှု၊ သေဆုံးမှုများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးခြင်း၊ မီဒီယာများကို ဖိတ်ကြား ရှင်းလင်းခြင်းများကို ဆောင်ရွက်ပေးနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
 
ယခုနှစ် ဇူလိုင်လတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း H1N1 ဖြစ်ပွားသူ ၁၃ ဦးရှိပြီး ၆ ဦး သေဆုံးကြောင်း၊ ၎င်းတို့အနက် ပုသိမ်တွင် ၆ ဦးဖြစ်ပွားပြီး ၁ ဦး သေဆုံးခဲ့ကြောင်း၊ ညောင်တုန်းတွင် ကျောင်းအုပ် ဆရာမကြီး တစ်ဦးနှင့် အသုတ် တိုက်နယ်ဆရာဝန်၏ဇနီးတို့ သေဆုံးခဲ့ကြောင်း၊ ဖျာပုံတွင် ဆေးရုံအုပ်ကြီးကို ကူးစက်ခဲ့ကြောင်း၊ တာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများကို ကူးစက်ခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ခြင်းများ ဖြစ်ပေါ်နေသဖြင့် မေးခွန်းမေးမြန်းကြောင်း မေးခွန်းရှင် ဦးဖြိုးဇော်ရွှေက ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ ဩဂုတ်လ ၂၃ ရက်မှ စက်တင်ဘာလ ၂ ရက် မွန်းလွဲ ၂ နာရီအထိ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါဖြင့် ပိုးတွေ့လူနာ ၃၆၉ ဦးရှိပြီး သေဆုံးသူ ၃၆ ဦးရှိကြောင်း၊ သေဆုံးသူများအနက် ဧရာဝတီတိုင်းတွင် ၁၂ ဦး၊ ရန်ကုန်တိုင်းတွင် ၈ ဦး၊ ပဲခူးတိုင်းတွင် ၆ ဦး၊ အခြားတိုင်းနှင့် ပြည်နယ်တို့တွင် ၁၀ ဦး သေဆုံးခဲ့သည်။

R-11

  • VIA