News

POST TYPE

HEALTH

နိုင်ငံအတွင်း အမြစ်တွယ်သည့်အတွက် H1N1 လုံးဝပျောက်ကင်းအောင် လုပ်၍မရ
29-Aug-2017

ရန်ကုန်၊ ဩဂုတ် ၂၉

ရာသီတုပ်ကွေးရောဂါ (H1N1)သည် မြန်မာနိုင်ငံအတွင်း အမြစ်တွယ်နေသည့်အတွက် ယင်းရောဂါဖြစ်ပွားမှု လုံးဝ ပျောက်ကင်းအောင် လုပ်၍မရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

“သူက ခြေကုပ်မိသွားတဲ့အတွက် သူ့သဘာဝကိုက လှည့်လည်နေမှာဖြစ်တယ်။ သုညဖြစ်အောင်တော့ လုပ်လို့မရဘူး။ နောင်နှစ်လည်း ဖြစ်ဦးမှာပဲ”ဟု ၎င်းက ရှင်းပြသည်။

လတ်တလော ဖြစ်ပွားလျက်ရှိနေသေးသည့် ရာသီတုပ်ကွေးရောဂါ (H1N1 ) ဖြစ်ပွားမှု၊ သေဆုံးမှုများနှင့်ပတ်သက်၍လည်း နေ့စဉ် ထုတ်ပြန်လျက်ရှိသော သတင်းထုတ်ပြန်ချက်များကိုလည်း ရောဂါဖြစ်ပွားမှု ကျဆင်းလာသည့်အတွက် အလျဉ်းသင့်သလိုသာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး တိုင်းတာချက်အရ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာပြသသူ ၈၄၈ ဦး၊ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူ ၃၁၇ ဦးနှင့် ဓာတ်ခွဲအတည်ပြု သေဆုံးသူ ၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နောက်ဆုံး သတင်းထုတ်ပြန်ထားသည်။

J-12

  • VIA