News

POST TYPE

HEALTH

ပြည်ဆေးရုံကြီးတွင် H1N1 ရောဂါဖြင့် လူနာတစ်ဦး သေဆုံး
27-Aug-2017

ပြည်၊ ဩဂုတ် ၂၇

ပဲခူးတိုင်း အနောက်ပိုင်း၊ ပြည်မြို့ ခုတင် ၅၀ဝ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် ရာသီတုပ်ကွေး H1N1 ရောဂါဖြင့် လူနာတစ်ဦး ထပ်မံ သေဆုံးကြောင်း အဆိုပါ ဆေးရုံအုပ် ဒေါက်တာအေးအေးမိုးက အတည်ပြု ပြောကြားသည်။

အဆိုပါ လူနာသည် ရွှေတောင်မြို့နယ် ကျီးသဲတိုက်နယ်ဆေးရုံမှ လွှဲလိုက်သောလူနာဖြစ်ပြီး ပြည်မြို့ဆေးရုံကြီးတွင် ဩဂုတ်လ ၂၁ ရက်နေ့မှ စတင် တက်ရောက်ကုသခဲ့ရာ ဩဂုတ်လ ၂၃ ရက်နေ့တွင် သေဆုံးခဲ့သည့်အတွက် ၎င်း၏ရောဂါပိုး နမူနာကို ဓာတ်ခွဲစမ်းသပ်ရာ၌ ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် အမျိုးသား ဓာတ်ခွဲဌာနမှ H1N1 ရောဂါပိုးတွေ့ရှိသည်ဟု အတည်ပြုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“လူနာက လွှဲလိုက်ကတည်းက ရှော့ခ်နဲ့ လွှဲလိုက်တာ သိပ်အခြေအနေ မကောင်းဘူး။ ဒီမှာ အစွမ်းကုန် ကုသတယ်၊ ၂၂ ရက်နေ့မှာ ဒီမှာစစ်တော့ သံသယ အဖြေထွက်နေပြီ။ ၂၃ ရက်နေ့မှာ ဆုံးပြီး ၂၄ ရက်နေ့ကျတော့ အမျိုးသားဓာတ်ခွဲခန်းက အတည်ပြုချက် အဖြေရတယ်”ဟု ၎င်းက ဆိုသည်။

သေဆုံးသူသည် ရွှေတောင်မြို့နယ် ကျီးသဲတိုက်နယ်မှဖြစ်ပြီး ကူးစက်ရောဂါဖြစ်သည့်အတွက် ပြန်လည် သယ်ဆောင်ခွင့် မပြုဘဲ ပြည်မြို့၌ပင် သင်္ဂြိုဟ်ခဲ့ကြောင်း အဆိုပါ ဆေးရုံတာဝန်ရှိသူများထံမှ သိရသည်။

“ရွှေတောင် ကျီးသဲတိုက်နယ်ဆေးရုံကိုလည်း သတင်းပို့ထားတယ်။ အဲဒီလူနာနေခဲ့တဲ့ ပတ်ဝန်းကျင်တွေ ကြိုတင်ကာကွယ်ဖို့ စောင့်ကြည့်စစ်ဆေးဖို့ လုပ်ထားပါတယ်”ဟု ဒေါက်တာ အေးအေးမိုးက ဆိုသည်။

အဆိုပါ သေဆုံးလူနာသည် အသက် ၄၀ အရွယ် အမျိုးသားဖြစ်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ပေါင်းတည်မြို့မှ အသက် ၄၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ရာသီတုပ်ကွေး H1N1 ရောဂါဖြင့် သေဆုံးခဲ့ကြောင်း ဆေးရုံတာဝန်ရှိသူများနှင့် ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၂၃ ရက်နေ့အထိ တစ်နိုင်ငံလုံး တိုင်းတာချက်အရ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ လက္ခဏာဖြင့်ပြသသူ ၈၄၈ ဦး၊ ဓာတ်ခွဲ အတည်ပြုဖြစ်ပွားသူ ၃၁၇ ဦးနှင့် ပိုးရှိ သေဆုံးသူ ၃၃ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

M-06

  • VIA