News

POST TYPE

HEALTH

တက္ကသိုလ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေအဖြစ် ဆောင်ရွက်မည်
22-Aug-2017 tagged as


ရန်ကုန်၊ ဩဂုတ် ၂၂

ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များအပြင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်များတွင် ဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က ပြောကြားသည်။

“ဆေးပညာနဲ့ဆိုင်တဲ့ တက္ကသိုလ်တွေလည်း ဖြစ်တဲ့အတွက် ဒါကို အဓိက ထားပြီးတော့ ဦးဆောင်ရမှာ ဖြစ်တယ်။ ဆေးတက္ကသိုလ် ၁၈ ခုအပြင် ရန်ကုန်တက္ကသိုလ်၊ ဒဂုံတက္ကသိုလ်နဲ့ ပညာရေးတက္ကသိုလ် ဝန်းကျင်တွေမှာ ဆေးလိပ်ငွေ့ ကင်းစင်ရေး ဆောင်ရွက်နေတာ ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါဆေးလိပ်ငွေ့ ကင်းစင်ရေးနယ်မြေအဖြစ် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ၁၆ ခု နှင့် ကာကွယ်ရေး ဝန်ကြီးဌာနအောက်ရှိ တက္ကသိုလ် နှစ်ခုအပါအဝင် စုစုပေါင်း ၁၈ ခုတွင် ယင်းအစီအစဉ်ကို လုပ်ဆောင်လျက် ရှိသော်လည်း လိုက်နာမှုအား နည်းနေသေးကြောင်း ဒေါက်တာသန်းစိန်က ဖြည့်စွက် ပြောကြားသည်။

“လူကြီးက မပြောရင် မလုပ်တဲ့ စိတ်ဓာတ်လေးတွေ၊ ပြောမှာကို စောင့်နေတာတွေက အရိုးစွဲနေတယ်။ အဆင့်ဆင့်သော တာဝန်ရှိမှု၊ တာဝန်ခံမှုအပိုင်း အားနည်းတယ်လို့ ပြောလို့ရပါတယ်”ဟု ၎င်းက ရှင်းပြသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းတို့ ဦးဆောင်၍ ဆေးလိပ်ငွေ့ ကင်းစင်သည့် နယ်မြေများ ဖော်ထုတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲများကို ယခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ် စသည့် ဒေသခြောက်ခုတွင် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းထံမှ သိရသည်။

“ဥပဒေက ၂၀ဝ၆ ခုနှစ်တည်းက ရှိပြီးသားပါ။ ဒါကို အခုမှစပြီး လက်တွေ့ အကောင်အထည် ဖော်နိုင်တာ။ ဒီလိုလုပ်တဲ့ နေရာမှာလည်း လုပ်ငန်းစဉ် ၁၀ ရပ်ကို ချမှတ်ခဲ့တယ်။ ကိုယ့်တက္ကသိုလ်နဲ့ ကိုက်ညီမယ့် လုပ်ငန်းစဉ်တွေကို ကိုယ့်ဘာသာ အကောင်အထည် ဖော်ဖို့ပါ။ တစ်ဆင့်ချင်းစီ ဆောင်ရွက်နေတာပေါ့။ မကွေးတက္ကသိုလ်ဆိုရင် လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ၁၇ နှစ်မြောက် နှစ်ပတ်လည်ရှိတဲ့အတွက် ဒီဆေးလိပ်ငွေ့ ကင်းစင်တဲ့နယ်မြေအဖြစ် ရောက်ရှိပြီဆိုတာကို ကြေညာဖို့ ရည်မှန်းချက်ထား ဆောင်ရွက်နေပါတယ်”ဟု ယင်းတက္ကသိုလ်၏ ကထိကဆရာ တစ်ဦးက ပြောဆိုသည်။

၂၀ဝ၆ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ၊ အခန်း (၄)၊ ပုဒ်မ (၆) တွင် ဆေးလိပ်သောက်ခွင့် မရှိသောနေရာ ၁၄ နေရာ သတ်မှတ်ထားပြီး ပုဒ်မ(၆) (စ) အရ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံတို့၏ သင်ကြားရေး အဆောက်အအုံ၊ စာသင်ခန်းနှင့် ရုံးခန်းများအပြင် အခန်း (၄)၊ ပုဒ်မ(၇)တွင် လူအများ ဝင်ထွက် သွားလာနိုင်သော နေရာများဖြစ်သည့် ရုံးဌာန၊ ဟိုတယ်၊ မိုတယ်၊ ဧည့်ဂေဟာများ၊ ဘူတာရုံ၊ လေဆိပ်၊ ကူးတို့ဆိပ်၊ မီးရထား၊ လေယာဉ် စသည့်နေရာများ၌လည်း ဆေးလိပ် သောက်သုံးခွင့် မရှိသည့်နေရာများအဖြစ် သတ်မှတ်ထားသော်လည်း ဆေးလိပ်သောက်ခွင့်ရှိသော သီးသန့်နေရာများ စီမံထားရှိရန် ဖော်ပြထားကြောင်း ယင်းဥပဒေပါ အချက်များအရ သိရသည်။

J-12

  • VIA
  • TAGS