News

POST TYPE

HEALTH

မြောင်းမြတွင် H1N1 သံသယရှိ ကိုယ်ဝန်ဆောင်သည် သေဆုံး
21-Aug-2017
ပုသိမ်၊ ဩဂုတ်၂၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ မြောင်းမြပြည်သူ့ဆေးရုံတွင် ရာသီတုပ်ကွေး (H1N1) သံသယရှိနေကာ သွေးအဆိပ်တက်ရောဂါဖြင့် တက်ရောက် ကုသသော ၃၅ နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ ဩဂုတ်လ ၂၁ ရက်  နံနက် ၇ နာရီတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးမှာ ၇ ကြိမ်မြောက် ကိုယ်ဝန်ဆောင်ထားသူဖြစ်ပြီး ဩဂုတ်လ ၂၀ ရက်တွင် ဆေးရုံတက်ကုသနေသူဖြစ်ကြောင်း၊ ၎င်း၏ ရောဂါလက္ခဏာကို စိစစ်ရာတွင် H1N1 ရောဂါနှင့် ဆင်တူသဖြင့် (H1N1)နှင့် သေဆုံးခြင်း ဟုတ်/ မဟုတ် အတည်ပြုနိုင်ရန် ရန်ကုန်မြို့ရှိ အမျိုးသား ဓာတ်ခွဲမှု ဗဟိုဌာနသို့ ပေးပို့ထားကြောင်း၊ ဆေးစစ်ချက် ရရှိပါက ဆက်လက် ထုတ်ပြန်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ မြောင်းမြဆေးရုံတွင် တက်ရောက် ကုသနေရသော လေးနှစ်အရွယ် မိန်းကလေးမှာ ဖျားခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်ပေါ်နေပြီး H1N1 ရောဂါလက္ခဏာနှင့် ဆင်တူနေသဖြင့် အတည်ပြု စစ်ဆေးနိုင်ရန် ရန်ကုန်ရှိ ဓာတ်ခွဲဌာနထံ ပေးပို့ထားကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ရာသီတုပ်ကွေး H1N1 ရောဂါ ဖြစ်ပွားသူနှင့် သေဆုံးသူများအနက် ဧရာဝတီတိုင်းဒေသကြီးတွင် အများဆုံး ဖြစ်နေသောကြောင့် ကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ လှမြတ်သွေးက ပြောကြားသည်။

H1N1 ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများအနေနှင့် ကျောင်း၊ ကျေးရွာ၊ ရပ်ကွက်များတွင် ရောဂါလက္ခဏာ၊ ကူးစက်နိုင်ခြေရှိသူ၊ ကြိုတင်ကာကွယ်မှုနိုင်ရေးများကို ပညာပေး ဟောပြောမှုများ လုပ်ဆောင်နေကြောင်း၊ ယင်းအပြင် လက်ကမ်းစာစောင်များ၊ ပိုစတာများကို ဖြန့်ဝေပေးနေကြောင်း၊ ကျန်းမာရေးဌာနက ထုတ်ပြန်သော ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်များကို ပြည်သူများ လိုက်နာရန် လိုအပ်ကြောင်း ၎င်းက ပြောဆိုသည်။

H1N1 ရောဂါမှာ အသက်ငယ်ရွယ်သော ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ သက်ကြီးရွယ်အိုများတွင် ဖြစ်ပွားတတ်သဖြင့် ရောဂါဦးတည်အုပ်စုများအနေနှင့် အထူး သတိထား နေထိုင်ရမည်ဖြစ်ကြောင်း၊ ရောဂါကြိုတင် ကာကွယ်ရေးအနေနှင့် လက်ကမ်းစာစောင် ၆၀ဝဝဝ၊ ဗီနိုင်းပိုစတာ ၁၅၀ဝ၀ တို့ကို ဖြန့်ဝေထားကြောင်း၊ တိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသော လက်ကမ်းစာစောင်များကိုလည်း တိုင်းအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဖြန့်ဝေပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် H1N1 ရောဂါ စတင်ဖြစ်ပွားတွေ့ရှိရသည့် ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၁ ရက်အထိ ရောဂါဖြစ်ပွားသူ ၂၉၇ ဦးရှိပြီး သေဆုံးသူ ၃၀ ဦးရှိကြောင်း၊ ဖြစ်ပွားသူများအနက် ဧရာဝတီတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၃၈ ဦးရှိပြီး ၁၂ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ 

R-11


  • VIA