News

POST TYPE

HEALTH

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းသုံးမျိုး ထုတ်ပြန်
20-Aug-2017
ရန်ကုန်၊ ဩဂုတ် ၂၀

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ပြည်တွင်း၌ ရောင်းချလျက်ရှိသည့် အလှကုန်ပစ္စည်းများကို စစ်ဆေးခဲ့ရာ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း သုံးမျိုးကို ထုတ်ပြန်ခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။

Zenith Ventures Sdn.Bhd., Malaysia မှထုတ်သည့် Itemulawak Day & Night Cream (Beauty Whitening Cream)၊ ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် MEYYONG Seaweed Extra Whitening & Face Lift နှင့် Guangzhou Qianya Comestics Co.,Ltd.,China မှ ထုတ်သည့် ANGKOR Cucumber Nano Whitening and Anti Wrinkle Package (Day Cream + Night Cream)တို့သည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၌ မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓာတုပစ္စည်း Mercury (+)(မာကျုရီ) ပါဝင်သည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြထားသည်။

အဆိပ်သင့်ဓာတုပစ္စည်း မာကျုရီ(ပြဒါး)သည် အရေပြား ယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မှတ်တမ်းတင်ထားခြင်း မရှိသော အများပြည်သူ သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို လုံးဝ မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် ၃ (ဃ) အရ အရေးယူမည်ဖြစ်ကြောင်း ယင်းဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

J-12


  • VIA