News

POST TYPE

HEALTH

မူကြို ၅၁ ခု၌ အားဖြည့်ဆန် အစားထိုး ကျွေးမည်
19-Aug-2017

ရန်ကုန်၊ ဩဂုတ် ၁၉

လူမှုဝန်ထမ်း ဦးစီးဌာနအောက်ရှိ မူလတန်းကြိုကျောင်း ၅၁ ကျောင်းတွင် ပုံမှန် ဆန်အစား အားဖြည့်ဆန်ကို အစားထိုး ကျွေးမွေးမည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောကြားသည်။

“ကလေးတွေ အာဟာရချို့တဲ့မှု လျော့နည်းစေဖို့နဲ့ အာဟာရဓာတ်ကို လုံလောက်စွာ စားပြီး ဉာဏ်ရည်ဖွံ့ဖြိုးဖို့ ရည်ရွယ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ကျောင်း ၃၀၊ ဧရာဝတီတိုင်းဒေသကြီးတွင် ခုနစ်ကျောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် ခုနစ်ကျောင်းနှင့် နေပြည်တော်တွင် လေးကျောင်းအပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ကလေးပြုစုရေးဌာနများ အပါအဝင် ကလေး စုစုပေါင်း ၆၃၇၀ ဦးခန့်ကို အားဖြည့်ဆန် အစားထိုး ကျွေးသွားမည်ဖြစ်ကြောင်း၊ အခြား ပြည်နယ်နှင့်တိုင်းများရှိ ကျောင်းအားလုံးတွင်လည်း ဆက်လက် အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“ဩဂုတ်လ ၁ ရက်နေ့က စတယ်။ ကလေးတွေကို ကျွေးနေတာ သုံးပတ်ရှိနေပြီ။ အားဖြည့်ဆန် အစားထိုးတယ်ဆိုပေမယ့် နိုင်ငံတော်က ပံ့ပိုးပေးတဲ့ ကလေးတစ်ဦးစာ နှုန်းထားအတိုင်းပါပဲ။ ဘတ်ဂျက်က ပိုမတောင်းရဘူး။ တစ်နေ့စာ ၃၅၀ မှာ အသီးအရွက်နဲ့ အသားဖိုးက ၁၉၀၊ ကုန်ခြောက်က ၈၀၊ နေ့လယ်ဖြည့်စွက်စာ တွက်က ၈၀ ဆိုပြီး သတ်မှတ်ထားတာပါ”ဟု လူမှုဝန်ထမ်း ဦးစီးဌာနမှ မူကြိုကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်သွယ်ဦးက ရှင်းပြသည်။

မူလတန်းကြိုကျောင်းများသည် ရှေးဦးကလေး သူငယ်ဖွံ့ဖြိုးမှုအတွက် အလွန် အရေးပါကြောင်း၊ အစိုးရကလည်း ငါးနှစ်အောက် ကလေးငယ်များ အာဟာရအတွက် ကလေးတစ်ဦးအား တစ်နေ့လျှင် ၃၅၀ ကျပ် ထောက်ပံ့ပေးလျက်ရှိကြောင်း လူမှုဝန်ထမ်း ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

အားဖြည့်ဆန်သည် ဗီတာမင်နှင့် သတ္တုဓာတ်များ ဖြည့်စွက်ထားသော အာဟာရဖြည့်ဆန်စေ့ကို သမားရိုးကျ ဆန်နှင့် အချိုးကျ ရောစပ်ထားသော ဆန်ဖြစ်ပြီး အခြားနိုင်ငံများတွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ထားပြီးဖြစ်ကာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ အာဟာရဓာတ် ဖြည့်စွက်ပါဝင်မှု မတူညီကြောင်း၊ ယင်းဆန်သည် ပုံမှန်ဆန်ထက် ဝယ်ယူရတာတွင် ဈေးနှုန်း အနည်းငယ် ပိုကြောင်း PATH မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

J-12


  • VIA