News

POST TYPE

HEALTH

ခြောက်လမှ ကိုးလအထိ ကလေးငယ်များအတွက် ဖြည့်စွက်စာ ပြင်ဆင်နည်း
18-Aug-2017 tagged as ကလေးငယ်

ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့၊ ဥာဏ်ရည်မြင့်မားဖို့ဆိုတာ မွေးကင်းစ အရွယ်ကစပြီး စနစ်တကျ ကျွေးမွေးတာကအစ အရေးကြီးပါတယ်။ ကလေးကို မွေးကင်းစကနေ အသက်ခြောက်လအထိ မိခင်နို့ရည်တစ်မျိုးတည်းကိုပဲ တိုက်ကျွေးရပါမယ်။ အသက်ခြောက်လပြည့်တဲ့အခါ မိခင်နို့ရည် တစ်မျိုးတည်းနဲ့ မလုံလောက်တော့တဲ့အတွက် အစားအစာတွေကို စတင်မိတ်ဆက်ပြီး ဖြည့်စွက်စာအနေနဲ့ ကျွေးမွေးရပါမယ်။ ဖြည့်စွက်စာကျွေးတဲ့အခါ အာဟာရ စုံစုံလင်လင် ချက်ပြုတ်ကျွေးတတ်ဖို့ အရေးကြီးတဲ့အတွက် ဖြည့်စွက်စာ ချက်ပြုတ်ပြင်ဆင်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပထမဆုံး ဆန်တစ်လုံး ဆိုပါတော့၊ ဆန်ကို ပိုးမွှားတွေ သေစေဖို့နဲ့ အရသာ ပိုကောင်းစေဖို့ ဆန်ကိုလှော်ပေးပါ။ 

(၂) ကလေးကြီးထွားဖို့ ပဲနီလေးက အကောင်းဆုံးပါ။ အရပ်လည်း ရှည်စေပါတယ်။ ပဲနီလေးကို ဆန်ရဲ့သုံးပုံတစ်ပုံ ထည့်ပါ။ 

(၃) ခုနက လှော်ထားတဲ့ဆန်နဲ့ ပဲနီလေး သုံးချိုးတစ်ချိုးကို အမှုန့်ကြိတ်ပါ။ 

(၄) ကြိတ်စက်နဲ့ကြိတ်ပြီး လေလုံဘူးနဲ့ ထည့်သိမ်းထားမယ်ဆိုရင် ဖြည့်စွက်စာချက်တဲ့အခါ အဆင်သင့် ထုတ်ချက်နိုင်မှာပါ။ လှော်ထားတဲ့ဆန်ဟာ အနံ့ပိုမွှေးတဲ့အပြင် အရသာလည်း ပိုကောင်းပါတယ်။ လှော်ပြီးသားဖြစ်လို့ ချက်တဲ့အခါလည်း အချိန်မြန်မြန်နဲ့ ကျက်ပါတယ်။ ကလေးကို ကျွေးခါနီးမှ လိုသလောက် ကျိုကျွေးပါ။ 

(၅) ဆန်နဲ့ ပဲနီလေးအမှုန့်ကို ကျိုတဲ့အခါမှာ ကြက်ရိုး၊ ကြက်သားတို့ ပြုတ်ထားတဲ့ ကြက်ပြုတ်အရည်လေးနဲ့ကျိုပါ။ ကြက်ရိုးကို ရိုးတွင်းခြင်ဆီတွေထွက်အောင် ထုချေပြီးမှ ပြုတ်ပါ (သို့မဟုတ်) ပြုတ်ပြီးမှ ထုချေပေးလည်းရပါတယ်။ အရိုးမပါအောင် သေချာစစ်ဖို့ အရေးကြီးပါတယ်။

(၆) ဆီကို လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းထည့်ပါ။ ဆီသုံးတဲ့အခါ သံလွင်ဆီကို သုံးဖို့ ကလေးအထူးကု ဆရာဝန်တွေက တိုက်တွန်းပါတယ်။ 

(၇) ဆားကို ပါတယ်ဆိုရုံ နည်းနည်းသာထည့်ပါ။ များသွားလို့ မဖြစ်တာကြောင့် သတိထားပြီးထည့်ပါ။

(၈) ကလေးထမင်းကျိုတဲ့အထဲကို လူကြီးတွေ ကြက်သားစားတဲ့နေ့ဆို ကြက်သား၊ ငါးဆိုငါး၊ ကြက်အသည်းလည်း ကျွေးလို့ရပါတယ်။ ကြက်သားကို မျှင်ထည့်ပါ။ ငါးဆို အရိုးမပါအောင် ဂရုစိုက်ပါ။ အသားကို ထည့်တဲ့အခါ ဆန်မှုန့်ရဲ့ သုံးပုံတစ်ပုံကိုပဲ ထည့်ပါ။ အသားထည့်လိုက်တဲ့အခါ ဆန်၊ ပဲနီလေးနဲ့ အသားဟာ ၃း၁း၁ ဖြစ်သွားပါမယ်။

( ၉) ကလေးအစာကျိုတဲ့အထဲကို မုန်လာဥနီ၊ ရွှေဖရုံသီး၊ ခရမ်းချဉ်သီးအနှစ်တို့ကို ထည့်ကျိုပါ။ အတုံးလေးတွေ တုံးထည့်ပါ။ ထည့်တဲ့အခါမှာလည်း အသီးအနှံကို ဆန်ရဲ့သုံးပုံပုံ တစ်ပုံပါပဲနော်။ ဒါဆို ၃း ၁း၁း၁ အချိုးအစားအတိုင်း ဖြစ်သွားပါမယ်။ 

(၁၀) နောက်ဆုံးအဆင့် အနေနဲ့ အစိမ်းရောင် အရွက်လေးတွေကို နုပ်နုပ်စဉ်းပြီး ချခါနီးမှာထည့်ပါ။ အပေါ်က ထည့်ခဲ့တဲ့ အသီးအနှံတွေက အာဟာရတန်ဖိုး မလျော့ကျစေပေမယ့် အစိမ်းရောင်အရွက်တွေကတော့ တန်ဖိုးလျော့ကျတတ်တာကြောင့် ကျက်ခါနီးမှ ထည့်ခိုင်းတာ ဖြစ်ပါတယ်။ ဖြည့်စွက်စာကျိုပြီးတဲ့အခါမှာ အစာတွေဟာ လက်နဲ့ဆုပ်စားနိုင်လောက်တဲ့အထိ ပျစ်နေရပါမယ်။ ဇွန်းနဲ့ခပ်ပြီး မှောက်ချရင်တောင် အောက်ကို ပြုတ်မကျလောက်အောင် ပျစ်နှစ်နေရပါမယ်။ အောက်ကို တစ်စက်စက်ကျတယ်ဆို အာဟာရတန်ဖိုး နည်းသေးတယ်ဆိုတာ သတိထားရပါမယ်။

အသက်ရှစ်လဆိုရင် ကြက်ဥတစ်လုံး စထည့်ကျွေးနိုင်ပါတယ်။ အရွက်စားတတ်တဲ့ အကျင့်လည်းဖြစ်၊ အာဟာရလည်းရအောင် ဟင်းနုနယ်ရွက် အဖတ်လေးတွေကို ကလေးကို ပေးစားပါ။ ဖြည့်စွက်စာ တစ်နေ့သုံးကြိမ်ကျွေးပါ။ ရာသီပေါ်သီးနှံ တစ်နေ့တစ်ကြိမ် ကျွေးပါ။ 

ရလေး