News

POST TYPE

HEALTH

မော်လမြိုင်တွင် အော်တစ်ဇင် ကလေးများအတွက် ပထမဆုံးပြုစုရေးစင်တာ စတင်ဖွင့်
15-Aug-2017 tagged as မော်လမြိုင်

မော်လမြိုင်၊ ဩဂုတ် ၁၅ 

မွန်ပြည်နယ် မော်လမြိုင်မြို့တွင် အထူးပြုစု စောင့်ရှောက်မှု လိုအပ်နေသော အော်တစ်ဇင် ကလေးများအတွက် ပြုစုစောင့်ရှောက်ရေး စင်တာကို စက်တင်ဘာလမှ ၄ ရက်မှ စတင်ကာ ယာယီဖွင့်လှစ်မည်ဖြစ်ကြောင်း ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့ထံမှ သိရသည်။

သုံးထပ်ကျောင်းဆောင် ဆောက်လုပ်မှုမပြီးခင် ယာယီ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ ကျောင်းပြီးပါက အတည်တကျ ပြန်ဖွင့်မည်ဖြစ်ကြောင်း၊ ယာယီ ပြုစုစောင့်ရှောက်ရေး စင်တာတွင် ဆရာ၊ ဆရာမများရှိနေပြီး ကျောင်းသား၊ ကျောင်းသူ ၇ ဦးကို အပ်နှံထားကြောင်း၊ ယာယီ ဖွင့်လှစ်နိုင်ရန် ဩဂုတ်လ ၁၅ ရက်က  ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့မှ သိန်း ၄၀ ဖိုးခန့်ရှိ သင်ထောက်ကူ ပစ္စည်းများကို ဆရာ၊ ဆရာမများထံ ပေးအပ်ခဲ့ကြောင်း ယင်းကော်မတီအဖွဲ့ဝင် ကိုကျော်စွာအောင်က ပြောသည်။

အော်တစ်ဇင်ကလေးများကို ပစ်ပယ်ထားခြင်းမရှိဘဲ သင်ကြားပေး၍ ရနိုင်ကြောင်း၊ မိဘများအနေနှင့် အော်တစ်ဇင်ရောဂါအကြောင်းကို သိရှိနိုင်စေရန် ရည်ရွယ်ကာ ပြုစုစောင့်ရှောက်ရေး စင်တာကျောင်း ဖွင့်ရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 

ယာယီ ဖွင့်လှစ်ချိန်တွင် ကျောင်း ဆရာ၊ ဆရာမ ၁၀ နှင့် ကျောင်းသား ၁၀ ဦးကို  လက်ခံမည်ဖြစ်ပြီး သုံးထပ်ကျောင်းဆောင် ဆောက်လုပ်မှု ပြီးစီးပါက မြန်မာနိုင်ငံ တောင်ပိုင်းရှိ လာရောက်အပ်နှံမည့် (Autism) ကလေးငယ်များကို လက်ခံနိုင်ရန် စီစဉ်ထားသည်။ 

အော်တစ်ဇင် ကလေးငယ်များအတွက် ပြုစုရေးစင်တာ ကျောင်းများသည် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင်သာ ရှိသည့်အတွက် နယ်မှ ကလေးမိဘများအတွက် အခက်အခဲရှိကြောင်း၊ မွန်ပြည်နယ်တွင် တည်ရှိပါက ပိုမို အဆင်ပြေနိုင်ပြီး ပြည်နယ်တွင်းရှိ ကလေးများ သာမက တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်မှ ကလေးများလည်း လာရောက် အပ်နှံနိုင်ကြောင်း ကျောင်း အဆောက်အအုံ ဆောက်လုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုးကျော်က ပြောဆိုသည်။

“ကျွန်တော့်သားဆိုရင် ရန်ကုန်မှာ သွားထားရတယ်၊ ကျောင်းတွေက အများကြီး သိပ်မရှိဘူး ဝင်ခွင့်ရဖို့ တော်တော် စောင့်ရတယ်၊ အော်တစ်ဇင် ဖြစ်နေတဲ့ ကလေးတွေ အတော်များများ ရှိနေပါတယ်၊ နယ်ကလူတွေလည်း ရန်ကုန်မှာ သွားထားတာရှိတယ်၊ မော်လမြိုင်မှာရှိတော့ ပိုအဆင်ပြေသွားတယ်၊ တချို့မိဘဆို ထားချင်တယ်။ ဒါပေမဲ့ အလုပ်က ပစ်ထားလို့မရတော့ ကိုယ့်ကလေးတွေ အဲဒီလို ဖြစ်တာတောင် သွားမထားနိုင်ဘူး”ဟု Autism ကလေးတစ်ဦး၏ ဖခင် ကိုသိုက်ထွန်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးတွင် Autism ကလေးငယ်များအတွက် ပြုစုရေးစင်တာ ကျောင်း ၁၀ ကျောင်းဝန်းကျင်သာရှိကြောင်း၊ ထိုကျောင်းအများစုမှာ ပုဂ္ဂလိက ကျောင်းများဖြစ်ကြောင်း၊ မွန်ပြည်နယ်တွင် ဖွင့်လှစ်မည့် Autism ကလေးငယ်များအတွက် ပြုစုရေးစင်တာသည် ပုဂ္ဂလိက အများပြည်သူပိုင်ဖြစ်ကြောင်း ကျောင်းဖွင့်လှစ်နိုင်ရေး ကော်မတီအဖွဲ့မှ သိရသည်။