News

POST TYPE

HEALTH

ကျေးရွာများ၌ စပ်ဆေးပညာပေးလုပ်ငန်း နှစ်ဆတိုး လုပ်ဆောင်မည်
15-Aug-2017
ရန်ကုန်၊ ဩဂုတ် ၁၅

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ကျေးရွာများတွင် စပ်ဆေးအန္တရာယ်နှင့် ပတ်သက်၍ ပညာပေး လုပ်ငန်းများကို နှစ်ဆတိုး၍ လုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က ပြောကြားသည်။

“စက်တင်ဘာမှာ ဒုတိယအဆင့် သွားမယ်။ ပထမအဆင့် ကျေးရွာ ၆၀ဝ ကတော့ ပြီးသွားပြီ။ အခုက နှစ်ဆတိုး လုပ်မယ်။ ၁၂၀ဝ လောက်ထိ သွားမယ်”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းသော ပြည်သူများသည် ကျေးရွာများ၌ နေထိုင်ကြသကဲ့သို့ စပ်ဆေး အများဆုံး မှာယူသည့်နေရာများသည်လည်း ကျေးရွာများက မှာယူမှုများကြောင်း၊ စပ်ဆေးများကို တစ်နိုင်ငံလုံး၌ တွေ့ရှိရသော်လည်း ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတို့တွင် ပိုမိုတွေ့ရှိရကြောင်း၊ ယင်းစပ်ဆေးများ ရောင်းချမှုနှင့်ပတ်သက်၍ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း FDA ၏ မှတ်တမ်းများအရ သိရသည်။

“စပ်ဆေးက လာစပ်ခိုင်းတဲ့သူတွေ ရှိတယ်။ များသောအားဖြင့်က ရောဂါကြီးကြီးမားမား အတွက်တော့ မဟုတ်ဘူး။ ပုံမှန် နှာစေး၊ ချောင်းဆိုးတာနဲ့ နေထိုင် မကောင်းတာမျိုးတွေပါ။ ရက်လွန်ဆေးတွေ လုံးဝ မသုံးပါဘူး။ လာစပ်ခိုင်းတာလည်း ရှားပါတယ်”ဟု သင်္ဃန်းကျွန်းမြို့နယ်မှ ဆေးရောင်းချသူတစ်ဦးက ပြောကြားသည်။

စပ်ဆေးများသည် ကွမ်းယာဆိုင်များနှင့် လမ်းဘေး ဈေးဆိုင်များတွင် အလွယ်တကူ ရရှိနေသည့်အတွက် လူအများ အသုံးပြုရန်လွယ်ကူပြီး ရောဂါကို လတ်တလော ကာလတွင် သက်သာပျောက်ကင်းကာ ဈေးနှုန်းမှာလည်း သင့်တင့်သဖြင့် မတတ်နိုင်သည့် ပြည်သူများ၊ အသိပညာ နည်းပါးသည့်သူများနှင့် ကျေးလက်နေ ပြည်သူများအတွက် အဓိက အန္တရာယ်ဖြစ်နေကြောင်း ဒေါက်တာသန်းထွဋ်က ဖြည့်စွက်ပြောကြားသည်။

သူ့မှာက အာနိသင် အတိုင်းအတာ တစ်ခုအထိ ရှိတယ်။ ရက်လွန်တာတွေပါတော့ အာနိသင်နည်းတယ်။ ရောဂါအရှင်း ပျောက်မသွားဘူး။ ဒီဘက်ခေတ်မှာ ဆေးတွေမတိုးဘူး။ ဆေးယဉ်ပါးမှုတွေ များတယ်၊ ပဋိဇီဝဆေးတွေ အများကြီး သုံးတယ်ဆိုတာ ဒီကစတာပါပဲ”ဟု ၎င်းက ရှင်းပြသည်။

တိုင်းနှင့် ပြည်နယ်အနှံ့တွင် တရားမဝင် ဆေး၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများနှင့် စပ်ဆေးများ ရောင်းချနေမှုကို ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းဆေးဝါး ကိစ္စများနှင့် ပတ်သက်၍ အမျိုးသား ဆေးဝါးဥပဒေဖြင့် ၂၀၁၆ ခုနှစ်အတွင်း ရုံးတင် တရားစွဲဆိုထားသည့် အမှုပေါင်း ၉၉ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ် လက်ရှိအချိန်ထိ တရားစွဲဆွဲထားသည့် အမှုပေါင်း ၂၅ မှုရှိပြီဖြစ်ကြောင်း FDA ၏ အချက်အလက်များအရ သိရသည်။

J-12


  • VIA