News

POST TYPE

HEALTH

မန္တလေးတွင် H1N1 ပိုးတွေ့သူ သုံးဦးသေဆုံး
09-Aug-2017 tagged as H1N1

မန္တလေး၊ ဩဂုတ် ၈

မန္တလေးတိုင်းအတွင်း ရာသီတုပ်ကွေး H1N1 ပိုးတွေ့လူနာ ငါးဦးအနက် သုံးဦး သေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

မန္တလေးဆေးရုံကြီးသို့ H1N1 သံသယလူနာအဖြစ် ဇူလိုင်လ ၃၀ ရက်နေ့က စတင် ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းအထိ စာရင်းများကို မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

“လတ်တလောကတော့ တည်ငြိမ်သွားတယ် ပြောလို့ရပါတယ်။ ဒီနေ့ (ဩဂုတ်လ ၈) မနက် ၇ နာရီအထိ စာရင်းတွေအရတော့ ဆေးရုံကြီးမှာ H1N1 ပိုးတွေ့သူ လေးဦးရှိပြီး နှစ်ဦးသေတယ်။ ပြင်ဦးလွင်က တစ်ယောက် သေတယ်။ သေတယ်ဆိုတဲ့ အနေအထားက သူတို့ အရင်ကတည်းက ခံစားနေရတဲ့ ရောဂါတွေကြောင့်ဖြစ်ပါတယ်”ဟု တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောကြားသည်။

ပြင်ဦးလွင်ခရိုင် ဆေးရုံကြီးတွင် သံသယလူနာနှစ်ဦး တွေ့ရှိခဲ့ရာ မူလကတည်းက ကျောက်ကပ်ရောဂါ ခံစားနေရသည့် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း ယင်းဆေးရုံထံမှ သိရသည်။

ဩဂုတ်လ ၇ ရက်နေ့ ညပိုင်းကလည်း ကျောက်ပန်းတောင်းမြို့မှ အမျိုးသမီး လူနာတစ်ဦး လတ်တလော ပြင်းထန် အဆုတ်ရောင် ရောဂါလက္ခဏာဖြင့် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး ယင်းနေ့ ညပိုင်းတွင်ပင် သေဆုံးသွားခဲ့ကြောင်း အဆိုပါ ဆေးရုံမှတ်တမ်းများအရ သိရသည်။

လက်ရှိတွင် မန္တလေးအထွေ ထွေရောဂါကု ဆေးရုံကြီး၌ လတ်တလော ပြင်းထန် အဆုတ်ရောင်ရောဂါဖြင့် ဆေးကုသခံနေရသူ ၁၃ ဦးအထိရှိနေပြီး ကလေး ဆေးရုံကြီးတွင် နှစ်ဦး ဆေးကုသမှု ခံယူနေကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာတစ်နိုင်ငံလုံးနှင့် လတ်တလော ပြင်းထန် အဆုတ်ရောင်ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ ၄၀၉ ဦးရှိပြီး H1N1 ပိုးတွေ့လူနာ ၁၄၅ ဦးနှင့် သေဆုံးသူ ၁၆ ဦးအထိ ရှိပြီဖြစ်ကြောင်း ဩဂုတ်လ ၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်ထားသည်။

M-04

  • VIA