News

POST TYPE

HEALTH

H1N1 ရောဂါဖြစ်ပွားမှု နေ့စဉ်မြင့်တက်
09-Aug-2017

ရန်ကုန်၊ ဩဂုတ် ၈

ရာသီတုပ်ကွေးရောဂါ (H1N1) သည် ပုံမှန် ရာသီတုပ်ကွေးဟု ဆိုသော်လည်း ရက်သတ္တပတ် နှစ်ပတ်ကျော်အထိ ဖြစ်ပွားမှုမှာ နေ့စဉ် မြင့်တက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်များ အရ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရောဂါဖြစ်ပွားသူ ၆၂ ဦး၊ သေဆုံးသူ ၁၂ ဦးအထိရှိခဲ့ကြောင်း၊ လတ်တလော ပြင်းထန်အသက် ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်း ၂၁၃  ဦး ရှိပြီး ဩဂုတ်လ ၇ ရက်နေ့အထိ ဖြစ်ပွားမှုမှာ နေ့စဉ် မြင့်တက်လျက်ရှိသည်။

လက်ရှိဖြစ်ပွားလျက်ရှိသည့် ရာသီ တုပ်ကွေး (H1N1) ရောဂါနှင့်ပတ်သက်၍  ဂျပန်နိုင်ငံရှိ National Institute of Infectious Diseases (NIID) သို့ ပေးပို့စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်း  ပျံ့နှံ့ဖြစ်ပွားနေသည့် ရာသီတုပ်ကွေးဗိုင်းရပ်စ်သည် ကမ္ဘာတစ်ဝန်း ပျံ့နှံ့ဖြစ်ပွားနေသည့် တုပ်ကွေး အမျိုးအစားမှ တစ်မျိုးသာဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“အခု H1N1 Positive နဲ့ သေဆုံးတဲ့လူနာ အများစုက နဂိုရောဂါအခံ ရှိတဲ့သူတွေ များတယ်။ အထူးသဖြင့် နာတာရှည် ရောဂါတွေနဲ့ တွဲလျက် လူနာတွေထဲက အသေအပျောက် များတာကို ဆရာတို့ သတိထားမိတယ်”ဟု ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ရှင်းပြသည်။

လတ်တလောဖြစ်ပွားနေသော H1N1 နှင့် ပတ်သက်၍ ကပ်ရောဂါအသွင် ကြေညာရန် အစီအစဉ် မရှိသေးကြောင်း၊ ဆေးရုံတက်ရောက်နေသည့် လူနာများ၏ အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး  ရောဂါထိန်းချုပ်နိုင်ချေရှိကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင်က ပြောကြားသည်။

အဆိုပါ ရောဂါသည် ကိုယ်ခံအား ကျချိန်တွင် ဖြစ်ပွားတတ်သည့်အတွက် လူထုအနေနှင့်လည်း ကိုယ်ခံအား ကောင်းမွန်စွာ နေထိုင်ရန်လိုအပ်ပြီး ကိုယ်ခံအား ကျသည့်သူများသည် အထူးဂရုစိုက်ရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစသည့် နဂိုရောဂါအခံ ရှိသူများသည် မကူးစက်ရန် နေထိုင်ဖို့ အရေးကြီးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ရောဂါဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပဲခူး တိုင်းဒေသကြီးတို့တွင် ရောဂါတုံ့ပြန် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပြီး တိုင်းနှင့်ပြည်နယ်များတွင် ပညာပေး လက်ကမ်းစာစောင် ၁ ဒသမ ၆ သန်းခန့်၊ ပိုစတာ ရှစ်သောင်းငါးထောင်ကျော် ဖြန့်ဝေခဲ့သည့်အပြင် ပညာရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံပညာကျောင်း ၆၄၃၈ ကျောင်းရှိ ကျောင်းသား ကျောင်းသူပေါင်း ၁ ဒသမ ၂ သန်းကျော်ကိုလည်း ကျန်းမာရေး ပညာပေးခြင်းနှင့်  လက်ကမ်း စာစောင်များကို မြန်မာဘာသာစကားဖြင့် သာမက တိုင်းရင်းသား ဘာသာစကားများဖြင့်ပါ ဖြန့်ဝေပေးလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ဇူလိုင်လ ၂၁ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ တစ်နိုင်ငံလုံး အတိုင်းအတာအရ ရာသီတုပ်ကွေးရောဂါ (H1N1) ဖြစ်ပွားသူ ၁၆၆ ဦးရှိပြီး ၁၇ ဦး သေဆုံးကာ  လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်းရောဂါဖြင့် ဆေးရုံ တက်ရောက်သူ ၄၃၃ ဦး ရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

J-12

  • VIA