News

POST TYPE

HEALTH

ဖျာပုံမြို့မှ H1N1 လူနာ ရန်ကုန်တွင် သေဆုံး
06-Aug-2017

ပုသိမ်၊ ဩဂုတ် ၆  

ဧရာဝတီ တိုင်းဒေသကြီး၊ ဖျာပုံမြို့ ပြည်သူ့ဆေးရုံမှ H1N1 ရောဂါ တွေ့ရှိသူ အသက် ၆၂ နှစ်အရွယ် အမျိုးသားမှာ ဝေဘာဂီ အထူးကုဆေးရုံသို့ လွှဲပြောင်းကုသစဉ် ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိသားစုဝင်တစ်ဦးက ပြောကြားသည်။ 

သေဆုံးသူမှာ ဖျာပုံမြို့နယ် ဆိပ်မကျေးရွာမှ အသက် ၆၂ နှစ်အရွယ်ရှိ ဦးလှသောင်းဖြစ်ကြောင်း၊ ဇူလိုင်လ ၂၉ ရက်က  ဖျားနာပြီး အသက်ရှူ ကျပ်သဖြင့် ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီးသို့ ဩဂုတ်လ ၁ ရက်တွင် တက်ရောက် ကုသခဲ့ကြောင်း၊ ယင်းနောက် ဩဂုတ်လ  ၅ ရက် ညပိုင်းတွင် ရန်ကုန်မြို့ ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် တင်ပို့ကုသစဉ် ဩဂုတ်လ ၆ ရက် နံနက် ၁၁ နာရီခန့်က သေဆုံးခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

သေဆုံးသူကို မိသားစုမစုံလင်မီ ချက်ချင်းသင်္ဂြိုဟ်ခဲ့ပြီး  H1N1 ကြောင့် သေဆုံးခြင်းမဟုတ် နှလုံးသွေးတိုးဖြင့် သေဆုံးသည်ဟု ဆေးရုံတာဝန်ရှိသူက ပြောကြောင်း၊ H1N1 မဟုတ်ဟုဆိုသော်လည်း ဇာတိမြို့သို့ ပြန်ယူမည်ကိုလည်း ခွင့်မပြု၊ မိသားစု မစုံလင်မီ ချက်ချင်း သင်္ဂြိုဟ်ခိုင်းကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဖျာပုံမြို့ရှိ လူနာတစ်ဦး ထပ်မံ သေဆုံးသည်ကို မသိရှိရကြောင်း၊ ဖျာပုံခရိုင်တွင် H1N1 ရောဂါ သံသယဖြစ်ဖွယ် လူနာများ ရှိနေကြောင်း ကြားသိနေရသဖြင့် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ထပ်မံ ကွင်းဆင်းကာ စိစစ် ဆောင်ရွက်မည်ဟု သိရကြောင်း၊ H1N1 ရောဂါ လက္ခဏာ၊ ဖြစ်ပွားပုံနှင့် ကာကွယ်ရမည့် နည်းလမ်းများကို ဗီနိုင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပြီး ပညာပေး ဟောပြောပွဲများကို ဆောင်ရွက်မည်ဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။

ဖျာပုံမြို့တွင် H1N1 ရောဂါစစ်ဆေး တွေ့ရှိရသဖြင့် ရန်ကုန်မြို့သို့ လွှဲပြောင်း ကုသပေးခဲ့ရသူ ၃ ဦးရှိကြောင်း၊ ၎င်းတို့အနက်မှ ကိုကျော်ဆန်းဝင်း (၄၃ နှစ်)မှာ ဇူလိုင် ၂၆ ရက်တွင်လည်းကောင်း၊ ဦးလှသောင်း (၆၂ နှစ်)မှာ ဩဂုတ်လ ၆ ရက်နေ့တွင်လည်းကောင်း သေဆုံးခဲ့ကြောင်း၊ ဖျာပုံ ပြည်သူ့ဆေးရုံအုပ်ကြီးလည်း ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ ဩဂုတ် ၃ ရက် နံနက်ပိုင်းတွင် တင်ပို့ ကုသထားရသော်လည်း ကျန်းမာရေး ကောင်းမွန်နေသည်ဟု သိရကြောင်း ဖျာပုံမြို့ ဒေသခံများထံမှ သိရသည်။ 

ဧရာဝတီ တိုင်းဒေသကြီးတွင် ရာသီတုပ်ကွေးရောဂါဖြင့် ဆေးရုံတက်ရောက်နေသူ ၄၀ဝ ကျော်ရှိနေပြီး ဓာတ်ခွဲ စမ်းသပ်ခဲ့သူများထဲမှ ၂၀ ဦးမှာ A(H1N1)pdm 09 ရောဂါရှိနေကြောင်း၊ အဆိုပါ ၂၀ ဦးအနက် သေဆုံးသူ ၇ ဦး ရှိနေကြောင်း တိုင်းဒေသကြီး လူမှုရေး ဝန်ကြီးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရာသီတုပ်ကွေးရောဂါ (H1N1)ဖြစ်ပွားနေမှုမှာ ဇူလိုင်လ ၂၁ ရက်မှ ဩဂုတ်လ ၆ ရက် မွန်းလွဲ ၂ နာရီအထိ ရောဂါဖြစ်ပွားသူ ၁၄၆ ဦးရှိပြီး ၁၅ ဦးသေဆုံးကာ လတ်တလော ပြင်းထန် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံ တက်ရောက်ကုသသူ စုစုပေါင်း ၃၈၇ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်သည်။

“H1N1 Positive နဲ့ သေဆုံးတဲ့ လူနာ အများစုက နဂိုရောဂါ အခံရှိတဲ့သူတွေ များတာကို သတိထားမိပါတယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ဆိုသည်။ 

H1N1 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သော်လည်း ဩဂုတ်လ ၆ ရက်အထိ ယင်းရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အခြားရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၁၂ ဦး ရှိကြောင်း ယင်းဌာနမှ ထုတ်ပြန်ထားသည်။

R-11 , J-12

  • VIA