News

POST TYPE

HEALTH

ပြင်ဦးလွင်တွင် H1N1 ပိုးရှိ လူနာတစ်ဦး တွေ့
03-Aug-2017

မန္တလေး၊ သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေး Seasonal Influenza A(H1N1) ရောဂါပိုး သံသယဖြင့် စစ်ဆေးမှုများ ပြုလုပ်ထားရသည့် အမျိုးသား လူနာတစ်ဦးတွင် ယင်းရောဂါပိုး တွေ့ရှိခဲ့ကြောင်း ပြင်ဦးလွင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ H1N1 ရောဂါ သံသယလူနာ နှစ်ဦး ရောက်ရှိခဲ့သည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ထားရာ အမျိုးသား ဓာတ်ခွဲခန်းက သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းက စစ်ဆေးတွေ့ရှိမှုများကို ပြန်လည် အကြောင်းကြားခဲ့ရာ ကျောက်ကပ်ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသနေရသည့် အမျိုးသားလူနာ တစ်ဦးတွင် H1N1 ပိုး ရှိနေခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါတ်တာသန်းဝင်းက ပြောကြားသည်။

“ပြည်သူ့ဆေးရုံအုပ်ကြီး ကိုယ်တိုင်က ကျွန်တော်တို့နှင့် အမြဲသတင်းပို့ ဆက်သွယ်နေတဲ့အတွက် သိခဲ့ရတ်ာပါ။ ဒီနေ့ ညနေပိုင်းကပဲ ဆေးစစ်ချက်တွေအရ ကျွဲနွားထောက်ကျေးရွာက အသက် ၄၄ နှစ်လောက်ရှိတဲ့ လူနာတစ်ဦးပေါ့။ သူ့မှာ ပိုးရှိတယ်လို့ အသိပေးလာတာပါ။ အဲ့ဒီလူနာက ကျောက်ကပ် မကောင်းလို့ ကျောက်ကပ်ဆေးနေရင်းနှင့် သံသယရှိလို့ စစ်ဆေးထားတာလို့ ပြောပါတယ်။ ခုတော့ အဖြေထွက်လာတော့ ရှိနေတာပါတဲ့”ဟု ပြင်ဦးလွင်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းက ပြောကြားသည်။

ယင်းလူနာကို ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် ထားရှိကာ ဆေးကုသမှုများ ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင်လည်း H1N1 ပိုးရှိလူနာနှစ်ဦး တွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၃ ရက်နေ့ ညနေပိုင်းမှာပင် သတင်းမီဒီယာများကို တွေ့ဆုံ အတည်ပြုထားသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအထိ လတ်တလော ပြင်းထန်အဆုတ်ရောင်ရောဂါ (Severe Acute Respiratory Infection) ဖြင့် ဆေးရုံတက်ရောက် ကုသနေသူ ၃၀၅ ဦးအထိ ရှိပြီဖြစ်ကြောင်းနှင့် H1N1 ပိုးတွေ့လူနာ ၁၁၀ ဦးအထိ ရှိလာကြောင်း၊ သေဆုံးသူ ၁၄ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ထုတ်ပြန်သည်။

M-04

  • VIA