News

POST TYPE

HEALTH

လှိုင်မြို့နယ်ရှိ သောက်ရေသန့် လုပ်ငန်းအချို့ကို အရေးယူ
01-Aug-2017 tagged as FDA


ရန်ကုန်၊ သြဂုတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ သောက်ရေသန့်စက်ရုံ ၄ ရုံနှင့် သောက်ရေသန့် လုပ်ငန်းတစ်ခုတို့ကို ရှောင်တခင် ကွင်းဆင်း စစ်ဆေးခဲ့ရာ ထုတ်လုပ်မှု စည်းမျဉ်းများနှင့် မကိုက်ညီသောကြောင့် စက်ရုံ ၄ ရုံကို ယာယီ ရပ်ဆိုင်းပြီး ခွင့်ပြုချက် လျောက်ထားခြင်း မရှိဘဲ့ လုပ်ငန်း ဆောင်ရွက်နေသော သောက်ရေသန့်လုပ်ငန်း တစ်ခုကို ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

လှိုင်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ စည်ပင်သာယာရေး ကော်မတီ ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ရဲတပ်ဖွဲ့တို့က အဆိုပါ သောက်ရေသန့် စက်ရုံများနှင့် သောက်ရေသန့် လုပ်ငန်းအချို့ကို ဝင်ရောက် စစ်ဆေးခဲ့ရာ ထုတ်လုပ်မှု စည်းကမ်းများကို မလိုက်နာခြင်း စည်းကမ်း သတ်မှတ်ချက်များနှင့် မကိုက်ညီခြင်းတို့ကြောင့် စက်ရုံ ၄ ရုံကို နှစ်ပတ်မှ တစ်လအထိ ထုတ်လုပ်မှုများကို ယာယီရပ်ဆိုင်းခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်းများ မပြုလုပ်ရန်၊ စက်ရုံ ပြုပြင်မှုများ ဆောင်ရွက်ရန်နှင့် ရှောင်တခင် ထပ်မံစစ်ဆေး၍ ကိုက်ညီမှု မရှိကြောင်း ထပ်မံတွေ့ရှိပါက ဒုတိယအကြိမ် စက်ရုံပိတ်သိမ်းခြင်းနှင့် တတိယအကြိမ် ထောက်ခံချက်ပြန်လည် ရုပ်သိမ်းခြင်းများ ဆောင်ရွက်မည်ဟု သတိပေး အရေးယူခဲ့ကြောင်း ယင်းဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် အစားအသောက် ထောက်ခံချက် လျှောက်ထားခြင်း မရှိဘဲ လုပ်ငန်းဆောင်ရွက်နေသောRoyal Lit သောက်ရေသန့်လုပ်ငန်းကို ထပ်မံ၍ ရှောင်တခင် စစ်ဆေးခဲ့ရာ ထုတ်လုပ်မှု စည်းကမ်းချက်များနှင့် မကိုက်ညီသောကြောင့် စက်ရုံပိုင်ရှင်ကို ခံဝန်ထိုးခိုင်းခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ပြီး ထောက်ခံချက်လျှောက်ထားပြီး စည်းကမ်းနှင့်အညီ ကိုက်ညီမှသာ ပြန်လည် ထုတ်လုပ်ခွင့်ပြုမည်ဖြစ်ပြီး ယင်းဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

  • VIA