News

POST TYPE

HEALTH

အစိုးရဆေးရုံများတွင် သွေးမှောင်ခို ရောင်းချသူများကို ဖော်ထုတ်မည်
01-Aug-2017

ရန်ကုန်၊ ဇူလိုင် ၃၁

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းအတွင်း အစိုးရဆေးရုံများတွင် တရားမဝင် သွေးမှောင်ခို ရောင်းချနေသည့်အဖွဲ့များကို ဩဂုတ်လမှစ၍ နေ့စဉ် စောင့်ကြည့် ဖော်ထုတ်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၊ ခုတင် ၅၀ဝ ဆံ့ အထူးကု ဆေးရုံကြီးနှင့် ဗဟိုအမျိုး သမီးဆေးရုံကြီး အပါအဝင် အစိုးရပိုင် ဆေးရုံကြီးများတွင် စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ထံမှ ဆက်လက် သိရသည်။

တိုင်းအစိုးရအနေနှင့် အဖွဲ့များဖွဲ့ကာ ဆေးရုံများအလိုက် နေ့စဉ် စောင့်ကြည့် စစ်ဆေး၍ ဖော်ထုတ်မည့်အပြင် ရွေ့လျား အဖွဲ့များဖြင့်လည်း စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“သွေးကို မှောင်ခိုရောင်းချလို့ မရပါဘူး။ ဒီဩဂုတ်က စပြီးတော့ ဆေးရုံအလိုက် စစ်ဆေးဖို့ ပုံမှန်စောင့်ကြည့်မယ့် အဖွဲ့နဲ့ ရွေ့လျားအဖွဲ့တွေ ခွဲထားပါပြီ။ တွေ့ရင် ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဆေး အရေးယူမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်တွင် ပြည်သူများ သွေးလှူနိုင်ရန် အမျိုးသား သွေးလှူဘဏ်ရှိပြီး အစိုးရဆေးရုံကြီးက အမျိုးသား သွေးဌာနထံ လိုအပ်သော သွေးယူနစ်ကို ချိတ်ဆက် တောင်းခံခွင့်ပြုထားသော်လည်း ပုဂ္ဂလိက ဆေးရုံများကိုမူ သွေးလှူဘဏ်တည် ထောင်ခွင့် မပြုထားခြင်းကြောင့် ပြင်ပ ဆေးရုံများတွင် သွေးမှောင်ခို ရောင်းချသည့် ဖြစ်စဉ်များရှိပါက အဆိုပါဆေးရုံများသာ တာဝန်ယူရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။

“သွေး မှောင်ခိုရောင်းတာကို ကျွန်မတို့ချည်း ဆောင်ရွက်လို့ မရဘူးဆိုတာ သိလို့ တိုင်းအစိုးရအဖွဲ့ကို စာတင် တောင်းဆိုခဲ့တာပါ။ မှောင်ခိုဈေးကွက် လုံးဝ ပျက်သုဉ်းသွားရအောင် ဖော်ထုတ်မယ်။ ဆေးရုံတွေအလိုက် အသင့် စောင့်ကြည့်ဖို့ လုပ်ရင်တော့ ဒီလိုအဖွဲ့တွေ အလိုလို နောက်ဆုတ်သွားမယ်”ဟု အမျိုးသားသွေးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။

သွေးရောင်းချနေသောအဖွဲ့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ စံပြဆေးရုံကြီး အပါအဝင် နာမည်ကြီး ပုဂ္ဂလိကဆေးရုံ သုံးခုခန့်တွင် အသင့်စောင့်ဆိုင်းနေတတ်ပြီး သွေးလိုအပ်သော လူနာရှင်၏ အခြေအနေကိုကြည့်ရှူ၍ သွေးဝယ်ယူရန် စည်းရုံး သိမ်းသွင်းကာ အရေးပေါ် ဝယ်ယူလိုလျှင် သွေးအမျိုးအစားအလိုက် တစ်သိန်းမှ တစ်သိန်းခွဲကြားရှိ ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဝယ်ယူခဲ့ဖူးသူအချို့က ပြောကြားထားသည်။

သွေးမှောင်ဈေးကွက်တွင် သွေး အမျိုးအစားအလိုက် ရှားပါးသော AB သွေးကို ကျပ်တစ်သိန်းခွဲအထိ ဈေးပေါက်ပြီး အိုသွေး၊ ဘီသွေးနှင့် အေသွေးများကို   ကျပ်တစ်သိန်းနှုန်းခန့်ဖြင့် တရားမဝင် ရောင်းချနေကြောင်း သွေးဝယ်ခဲ့ဖူးသူ အမျိုးသားတစ်ဦးထံမှ သိရသည်။

“သွေးဆိုတာ ရောင်းကုန်ပစ္စည်း မဟုတ်ဘူး၊ လူတစ်ယောက် အသက်သွေးကြောလေ၊ ဒါကို အကျိုးအမြတ်အတွက် မှောင်ခိုရောင်းသူတွေ ပြန့်ပွားမလာဖို့ မြန်မြန် ဖော်ထုတ်စေချင်တယ်။ ပြီးရင် ပြင်းပြင်းထန်ထန် အရေးယူပါ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက မှတ်ချက်ပြု ပြောဆိုသည်။

အဆိုပါ သွေးမှောင်ခို ရောင်းချမှုကို ပြည်သူ့ကျန်းမာရေး ဥပဒေဆိုင်ရာ ပုဒ်မ ၂၇၁ တွင် ဖော်ပြထားသော ကူးစက်တတ်သော ရောဂါကာကွယ်ရေး နည်းဥပဒေ ဖီဆန်ခြင်းဖြင့် အရေးယူနိုင်ပြီး ခြောက်လ အထိ ထောင်ဒဏ်ဖြစ်စေ၊ ဒဏ်ငွေဖြစ်စေ ချမှတ်နိုင်သည်။

J-17

  • VIA