News

POST TYPE

HEALTH

H1N1 သည် ကပ်ရောဂါမဟုတ်၍ ကျောင်းပိတ်ရန် မလိုဟုဆို
29-Jul-2017 tagged as H1N1 H5N1


ရန်ကုန်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံတွင် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည့် H1N1 ဗိုင်းရပ်စ်သည် ကပ်ရောဂါ မဟုတ်သည့်အတွက် စာသင်ကျောင်းများ ပိတ်ထားရန် မလိုအပ်ကြောင်း ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က The Voice သို့ ပြောကြားသည်။

“ကျောင်းတွေပိတ်ဖို့ အစီအစဉ် မရှိပါဘူး။ ဖျားတဲ့ကလေးတွေကို ကျောင်း မတက်ဖို့ ညွှန်ကြားထားတာပဲ ရှိပါတယ်။ ကျောင်းပိတ်စရာ မရှိဘူး။ အခု ဖြစ်နေတာသည် ကပ်ရောဂါ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် H1N1 ဖြစ်ပွားသူ ၃၅ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးရှိကြောင်း၊ ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံကြီးများနှင့် တိုင်းနှင့်ပြည်နယ် အသီးသီးရှိ ကျန်းမာရေး ဌာနများသို့လည်း N95 Mask (နှာခေါင်းစည်း) စုစုပေါင်း တစ်သိန်းခွဲခန့်၊ ကာကွယ်ရေး ဝတ်စုံ ၄၅၀ နှင့် အသက်ရှူစက်များအပြင် အခြား လိုအပ်သည်များကို ထောက်ပံ့ ဖြည့်စည်းပေးထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင်လ ၂၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

သို့သော် ထားဝယ်မြို့ရှိ ကြက်ခြံတွင် အပြင်းစား ကြက်ငှက်တုပ်ကွေး H5N1 ဖြစ်ပွားသည်ကို ဇူလိုင်လ ၂၆ ရက်နေ့က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အတည်ပြုထားပြီး ထိုကဲ့သို့ဖြစ်ပွားရာအနီးရှိ စာသင်ကျောင်းများကို ဇူလိုင်လ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့အထိ ခေတ္တ ပိတ်ထားကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

ဇူလိုင်လ၂၈ ရက်နေ့ ညနေပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ ၆ ရပ်ကွက်၊ ဇာတိမာန်လမ်း အတွင်းပိုင်းရှိ နေအိမ်၌ မွေးမြူထားသည့် အိမ်မွေးကြက် သုံးကောင် သေဆုံးရာမှ နှစ်ကောင်တွင်ံ၅ြ၁ သံသယရှိသဖြင့် နေပြည်တော်ရှိ ဓာတ်ခွဲခန်းသို့ ရောဂါ ရှိ မရှိ စစ်ဆေးရန်ပေးပို့ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က အတည်ပြု ပြောကြားသည်။

“ဓာတ်ခွဲအဖြေ မရသေးတဲ့အတွက် ဒါကို H5N1 ဟုတ် မဟုတ် အတိအကျ ပြောလို့ မရသေးပါဘူး”ဟု ၎င်းက ဆိုသည်။

J-12

  • VIA