News

POST TYPE

HEALTH

H1N1 ကြောင့် နှစ်ဦးထပ်မံ သေဆုံး၊ သေဆုံးသူ ခြောက်ဦးအထိ ရောက်ရှိ
27-Jul-2017


ရန်ကုန်၊ ဇူလိုင် ၂၇

မြန်မာနိုင်ငံတွင် H1N1 ပျံ့နှံ့လျက်ရှိသည်မှာ သီတင်းတစ်ပတ်ခန့် ကြာမြင့်လျက်ရှိပြီး သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ နှစ်ဦး ထပ်မံ သေဆုံးသည့်အတွက် သေဆုံးသူ စုစုပေါင်း ခြောက်ဦးအထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

သင်္ဃန်းကျွန်းစံပြဆေးရုံကြီး၌ သံသယလူနာ သုံးဦးရှိသည့်အနက် နှစ်ဦးမှာ H1N1 Positive ဖြင့် သေဆုံးသွားခြင်း ဖြစ်ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ အောင်ဆန်းမင်းက The Voice သို့ အတည်ပြု ပြောကြားသည်။

“လောလောဆယ် သံသယလူနာ တစ်ယောက်ရှိပါတယ်”ဟု ၎င်းက ပြောဆိုသည်။

H1N1 ကြောင့် ပဲခူးတိုင်းဒေသကြီးမှ အမျိုးသားတစ်ဦး၊ လှိုင်သာယာမြို့နယ်မှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ဖျာပုံမှ အမျိုးသားတစ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ရွာသားကြီးမှ အမျိုးသားတစ်ဦးနှင့် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်မှ အသက်ငါးနှစ်အရွယ် ကလေးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာ ဆေးရုံများက အတည်ပြုထားသည်။

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း၏ စစ်ဆေး အတည်ပြုချက်အရ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ အသက် သုံးနှစ်တစ်လအရွယ် ယောက်ျားလေးသည် H1N1 Positive ဖြစ်ပြီး အခြားတစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး၊ သက္ကလမြို့နယ်ရှိ အသက် ငါးနှစ်ခြောက်လအရွယ် ယောက်ျားလေးတစ်ဦးဖြစ်ကာ ၎င်းမှာ H3N2 အမျိုးအစား ဗိုင်းရပ်စ်ပိုးဖြစ်ကြောင်း ဇူလိုင်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ရန်ကင်း ကလေးဆေးရုံအုပ်ကြီး၏ ပြောကြားချက်အရ သိရသည်။

ထို့ပြင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကင်း ကလေးဆေးရုံကြီး၌ မြောက်ဥက္ကလာပမှ အသက် ကိုးလအရွယ် ယောက်ျားလေးတစ်ဦးမှာလည်း H1N1 ထပ်မံ ဖြစ်ပွားလျက်ရှိကြောင်း ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာ မြင့်မြင့်ခိုင်က ပြောကြားသည်။

“၂၅ ရက်ညက အမျိုးသားဓာတ်ခွဲ ခန်းကို နမူနာပို့ထားတာ။ ဒီမနက် အတည် ပြုတာပေါ့။ အဖျားကျတယ်။ တခြား ချောင်းဆိုး၊ ရင်ကြပ်တာလည်း သက်သာပါတယ်။ Isolation Room (အထူးကြပ်မတ် ကုသဆောင်) မှာပဲ သီးသန့် ထားပြီး ကုသမှုတွေ ဆက်လက် လုပ်နေပါတယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကလေးသည် ရန်ကင်း ကလေးဆေးရုံကြီးသို့ ဇူလိုင်လ ၂၂ ရက်နေ့က တက်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ သံသယရှိလူနာ ထပ်မံ မရှိသေးကြောင်း၊ သံသယ လူနာများ ရောက်ရှိခဲ့မည်ဆိုပါကလည်း ပြင်ပလူနာဌာနတွင် စစ်ဆေးပြီး သီးသန့်ခန်းများတွင် ထားရှိ ကုသမည်ဖြစ်ကြောင်း ဒေါက်တာမြင့်မြင့်ခိုင်က ဆက်လက် ပြောဆိုသည်။

အဆိုပါရောဂါကြောင့် လတ်တလော အသက်သေဆုံးသူ ငါးဦးအထိ ရှိလာပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် H1N1 Positive ကူးစက်ခံရသူ ၂၃ ဦး ရှိပြီဖြစ်သည်။

ဇူလိုင်လ ၂၄ ရက်နေ့ ကနဦးထုတ် ပြန်ချက်များအရ မြန်မာနိုင်ငံတွင် H1N1 ကူးစက်သူ ၁၃ ဦးတွေ့ရှိရပြီး ချင်းပြည်နယ်၌ တစ်ဦးသေဆုံးသည်ဟု ဆိုသော်လည်း အဆိုပါ သေဆုံးသည့် ကလေးမှာ H1N1 ဖြင့် သေဆုံးခြင်း မဟုတ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီး ဌာနက ထပ်မံ ထုတ်ပြန်ထားသည်။

J-12

  • VIA