News

POST TYPE

HEALTH

H1N1 လူနာများအား ကုသရန် ဝေဘာဂီဆေးရုံကို ရွေးချယ်
27-Jul-2017

နေပြည်တော်၊ ဇူလိုင်၂၆

ရာသီတုပ်ကွေး H1N1 ရောဂါလူနာရှင်များကို အရေးပေါ်ကူးစက်ရောဂါများ ကုသရန် ရည်ရွယ်ထားသော ဝေဘာဂီဆေးရုံတွင် ကုသမှုပေးရန် ရွေးချယ်ထားသည်ဟု ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က ပြောကြားသည်။

ဆေးရုံကြီးများတွင် H1N1 ရောဂါလက္ခဏာ ရှိသည်ဟု သံသယရှိသော လူနာကို တိုင်းကျန်းမာရေးမှူး၊ တိုင်းကုသရေး ဦးစီးမှူးနှင့် ဆေးရုံအုပ်ကြီးတို့ တိုင်ပင်ဆွေးနွေးကာ ဝေဘာဂီဆေးရုံသို့ ပေးပိုကုသသွားမှာဖြစ်ပြီး ယင်းသို့ ကုမှုပေးနိုင်ရန် ဆေးရုံ ဝန်ထမ်းအင်အား၊ တပ်ဆင်ထားသော စက်ကိရိယာ အခြေအနေနှင့် အရေးပေါ် ထပ်မံရောက်ရှိလာမည့် လူနာများကို ကုသပေးမှုအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ရမည့် အနေအထားရှိကြောင်း ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆိုသည်။

ဝေဘာဂီဆေးရုံတွင် ကုသမည့် အနေအထားကို ဇူလိုင်လ ၃၀ ရက်တွင် ရန်ကုန်မြို့၊ သူနာပြုတက္ကသိုလ်၌ ပြုလုပ်မည့် H1N1 ကာကွယ်ကုသရေးဆိုင်ရာ အမျိုးသားအဆင့် အစည်းအဝေး၌ WHO အပါအဝင် ပြင်ပကျန်းမာရေးနှင့် ဆေးပညာရှင်များ၊ သမားတော်များ၊ ဆေးတက္ကသိုလ် ပါမောက္ခများ၊ ဝန်ကြီးဌာန တာဝန်ရှိသူများက ဆုံးဖြတ်မည် ဖြစ်သည်။

“အခုလောလောဆယ် ဖြစ်ပွားနေတဲ့ အနေအထားကို ကုသဖို့ ဆေးဝါးတွေ ရှိပါတယ်။ ဒါတွေနှင့် ပတ်သက်ပြီ အသေးစိတ်ကို ထုတ်ပြန်ကြေညာပေးပါမယ်။ အခုကုနေတဲ့ အနေအထားက တိုးတက်ပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် H1N1 ဖြစ်ပွားနေမှုနှင့် ထိန်းချုပ်ရန် ဆောင်ရွက်နေမှုကို သတ်မှတ်ထားသော နည်းလမ်းများအတိုင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သို့ သတင်းပေးပို့ထားသဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ဝင် နိုင်ငံများ၏ အကူအညီများ ရောက်ရှိလာမည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

T.L