News

POST TYPE

HEALTH

ရန်ကင်းကလေးဆေးရုံကြီး၌ H1N1 ကလေးလူနာနှစ်ဦး တွေ့ရှိ
26-Jul-2017

ရန်ကုန်၊ ဇူလိုင် ၂၆

ရန်ကင်း ကလေးဆေးရုံကြီး၌ ရာသီတုပ်ကွေး (H1N1) ရောဂါ ကလေးလူနာ နှစ်ဦး တွေ့ရှိရပြီး အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုပေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာနမှူး ဒေါက်တာ သာထွန်းကျော်က ပြောကြားသည်။

“မနေ့က သတင်းရတယ်။ သံသယရှိ ကလေးလူနာ နှစ်ဦးကို မနေ့က ဓာတ်ခွဲနမူနာ ပို့ထားတာ။ ဒီမနက် အဖြေထွက်တယ်။ H3N2 ဗိုင်းရပ်စ်ကလည်း H1N1 နဲ့ ပိုးချင်း အတူတူပါပဲ။ ရာသီတုပ်ကွေး အမျိုးအစားပါပဲ" ဟု ၎င်းကရှင်းပြသည်။

အမျိုးသား ကျန်းမာရေး ဓာတ်ခွဲခန်း၏ စစ်ဆေး အတည်ပြုချက်အရ စမ်းချောင်းမြို့နယ်ရှိ အသက် သုံးနှစ်တစ်လအရွယ် ကလေးသည် H1N1 Positive ဖြစ်ပြီး အခြားတစ်ဦးမှာ ပဲခူးတိုင်းဒေသကြီး သက္ကလမြို့နယ်ရှိ အသက် ငါးနှစ်ခြောက်လအရွယ် ကလေးတစ်ဦးဖြစ်ကာ ၎င်းမှာ H3N2 ပိုးတွေ့ရှိကြောင်း၊ အဆိုပါ ကလေးနှစ်ဦးလုံးကို ရန်ကင်းကလေးဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်၌ ကုသမှုပေးလျက်ရှိနေကြောင်း ဒေါက်တာ သာထွန်းကျော်က ဖြည့်စွက် ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် H1N1 သံသယရှိလူနာ ၃၅ ဦးရှိနေပြီး ရောဂါဖြစ်ပွားသူ ၁၇ ဦး၊ သေဆုံးသူ သုံးဦးရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကုသရေးဦးစီးဌာနထံမှ သိရသည်။

J-12

  • VIA