News

POST TYPE

HEALTH

ရန်ကုန်သည် ကူးစက်ရောဂါနှင့် ပတ်သက်၍ ထိပ်ဆုံး၌ရှိ
ရန်ကုန်၊ ဇူလိုင် ၁၈

ရန်ကုန် တိုင်းဒေသကြီးသည် လူဦးရေ ထူထပ်များပြားသည့်အတွက် ကူးစက်ရောဂါများနှင့် ပတ်သက်လျှင် ထိပ်ဆုံး၌ ရှိနေဦးမည်ဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းလွင်က ပြောကြားသည်။

ရန်ကုန်သည် နိုင်ငံအရပ်ရပ်၊ တိုင်းနှင့် ပြည်နယ်အရပ်ရပ်မှ ကူးလူးဆက်ဆံ သွားလာမှု အများဆုံးမြို့ ဖြစ်သည့်အပြင် သဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်ခြင်း၊ ကမ္ဘာကြီးပူနွေးလာခြင်း စသည့် နောက်ဆက်တွဲ လက္ခဏာရပ်များသည်လည်း ကူးစက်ရောဂါများကို ပြန်လည် ခေါင်းထောင်စေပြီး ရှိပြီးသားရောဂါများ ပိုမိုဖြစ်ပွားမှုကိုလည်း အားပေးလျက်ရှိကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။

“ရန်ကုန်က ဧရိယာကျဉ်းပေမယ့် လူများတယ်။ တစ်မိုင်ပတ်လည်မှာနေတဲ့ လူက သောင်းကျော်၊ ရာကျော် ရှိပါတယ်။ ဒီလိုဖြစ်စေနိုင်တဲ့ အချက်အားလုံးကလည်း စုနေပါတယ်”ဟု ဒေါက်တာဝင်းလွင်က ရှင်းပြသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသည် အခြား တိုင်းနှင့် ပြည်နယ်များထက် ပိုမိုများပြားလျက်ရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဖြစ်ပွားသူ ဦးရေ ၂၈၅၅ ဦးရှိပြီး သေဆုံးသူ ၁၈ ဦးရှိခဲ့ရာ ယခင်နှစ်များထက် ပိုမိုများပြားစွာ ဖြစ်ပွားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

“ဖြစ်ပွားမှုက ငါးဆနဲ့အထက် တက်တယ်။ ရောဂါရဲ့ သဘောသဘာဝအရ ဇူလိုင်လမှာ အမြင့်ဆုံး ဖြစ်တယ်”ဟု ဒေါက်တာဝင်းလွင်က ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းအတွင်း ကျန်းမာရေး စောင့်ရှောက်မှု မရောက်နိုင်သည့် အထပ်မြင့် တိုက်ခန်းများ၊ ကွန်ဒိုများ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ မိဘမဲ့ ဂေဟာ၊ စာသင်ကျောင်း၊ စာသင်တိုက် စသည့် နေရာများစွာရှိသည့်အပြင် သန့်ရှင်း ရေးဝန်ထမ်းများ နေထိုင်သည့် စည်ပင်ဝင်းများတွင်ပင် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်း မမီခြင်းတို့ရှိကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။

J-12