News

POST TYPE

HEALTH

ရန်ကုန်တိုင်းအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ နှစ်ထောင်ကျော်ရှိ
ရန်ကုန်၊ ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ နှစ်ထောင်ကျော်ရှိနေကြောင်း ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ အေးမွန်မွန်ကျော် (ခြင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ နှိမ်နင်းရေးဌာန) က ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ ၂ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၆၉၂ ဦးရှိပြီး ယင်းရောဂါကြောင့် သေဆုံးသူ ၁၈ ဦး ရှိကြောင်း၊ အသက်ငါးနှစ်မှ ကိုးနှစ်အရွယ် ကလေးများတွင် ပို၍ ဖြစ်ပွားလျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက မြို့နယ်တိုင်းတွင် ဗုဒ္ဓဟူးနှင့် စနေနေ့များ၌ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအပြင် ဖြစ်ပွားမှုများသည့် မြို့နယ်၊ ကျေးရွာများတွင် ခြင်ကျားလောက်လန်း သေစေနိုင်သည့် အဘိတ်ဆေးခတ်ခြင်းကို လူထုအခြေပြု၊ ကျောင်းအခြေပြု စသဖြင့် ကြိုတင်ကာ ကွယ်နှိမ်နင်းရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း၊ ထို့ပြင် ယခုအခါ ထပ်မံ၍ ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများ လုပ်ဆောင်သွားရန် ညှိနှိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

“ပုံမှန်လုပ်နေတာတွေကို ဆက်လုပ်နေတယ်။ ဆောက်လုပ်ရေး လုပ်ငန်းခွင်ကတော့ နောက်ထပ် ခြေလှမ်းတစ်ခုပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ ဒီလထဲမှာပဲ လုပ်သွားမယ်”ဟု ဒေါက်တာ အေးမွန်မွန်ကျော်က ဖြည့်စွက် ပြောကြားသည်။

သွေးလွန်တုပ်ကွေး ရောဂါကြောင့် သာကေတတွင် တစ်ဦး၊ တောင်ဒဂုံတွင် နှစ်ဦး၊ လှိုင်သာယာတွင် တစ်ဦး၊ သင်္ဃန်းကျွန်းတွင် တစ်ဦး၊ တောင်ဥက္ကလာတွင် တစ်ဦး၊ ဒဂုံဆိပ်ကမ်းတွင် တစ်ဦး၊ လှိုင်တွင် တစ်ဦး၊ လှည်းကူးတွင် နှစ်ဦး၊ တိုက်ကြီးတွင် နှစ်ဦး၊ ဒလတွင် တစ်ဦး၊ မင်္ဂလာဒုံတွင် နှစ်ဦး၊ ခရမ်းတွင် တစ်ဦး၊ မှော်ဘီတွင် တစ်ဦးနှင့် ရွှေပြည်သာတွင် တစ်ဦးတို့ အသက် သေဆုံးကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။

J-12