POST TYPE

HEALTH

ဗီတာမင်အေဓာတ် ကြွယ်ဝသည့် ရွှေငှက်ပျောသီးဖြင့် ကလေးများ အသက်ကို ကယ်တင်မည်
09-Jul-2017 tagged as နည်းပညာ

သြစတြေးလျနိုင်ငံမှ သိပ္ပံပညာရှင်များသည် ရွှေလိမ္မော်ရောင် ရှိသည့် ဗီတာမင်အေဓာတ် ကြွယ်ဝသော ငှက်ပျောသီးကို တီထွင်နိုင်ခဲ့ပြီး ဗီတာမင်ဓာတ် ချို့တဲ့ခြင်းကြောင့် သေဆုံးရသည့် ကလေးငယ်များ၏ အသက်ကို ကယ်တင်နိုင်တော့မည် ဖြစ်ကြောင်း Newsweek သတင်းတွင် ဖော်ပြထားသည်။

Biofortified ဟု အမည်ပေးထားသည့် ငှက်ပျောသီးကို ပါပူအာ နယူးဂီနီမှ ငှက်ပျောသီးမျိုးစိတ်အားယူပြီး ပရိုဗီတာမင်အေ (Provitamin A) စွမ်းအင်များ ပြည့်ဝစေရန်အတွက် အထူးတီထွင်ထားခြင်း ဖြစ်သည်။ 

Provitamin A သည် စားသုံးလိုက်လျှင် ကိုယ်ခန္ဓာအတွင်း ဗီတာမင် အေဓာတ်ကို အလိုအလျောက် ဖြည့်ဆည်းပေးရာ ရောက်သဖြင့် မဖွံ့ဖြိုးသေးသည့် ဒေသများမှ ချို့တဲ့သည့် ကလေးများကို အာဟာရ ပြည့်ဝစေရန်လည်း အထောက်အကူ ပေးနိုင်တော့မည် ဖြစ်သည်။

သြစတြေးလျနိုင်ငံ၊ ကွင်းစ်လန်းတက္ကသိုလ်မှ ပညာရှင်များက လွန်ခဲ့သော ၁၀ နှစ်ခန့် ကတည်းက ယင်းငှက်ပျောသီးမျိုး ရရှိရန် တီထွင်နေခြင်း ဖြစ်ပြီး၊ ပညာရှင်များ တီထွင်မှု ပြုလုပ်နိုင်ရန်အတွက် ကမ္ဘာကျော် သူဌေးကြီး ဘီလ်ဂိတ်စ်၏ Bill & Melinda Gates ဖောင်ဒေးရှင်းက ဒေါ်လာ ၇ ဒသမ ၆ သန်းထုတ်ပေးကာ မတည်ပေးထားခြင်း ဖြစ်သည်။

အဖွဲ့ခေါင်းဆောင် ပါမောက္ခ ဂျိမ်းစ် ဒေးလ်က -
“နှစ်ပေါင်းများစွာ ကျွန်တော်တို့ ဒီငှက်ပျောသီးကို တီထွင်ခဲ့ရပါတယ်။ ရွှေလိမ္မော် ငှက်ပျောသီးတွေဟာ အသားတွေကလည်း နို့နှစ်ရောင်ပေါက်ပြီး စားချင်စဖွယ်ပါ” ဟု ပြောကြားသည်။

ပညာရှင်များ တီထွင်ခဲ့သော ရွှေလိမ္မော် ငှက်ပျောသီးများကို အာဖရိကတိုက်ဒေသ အများအပြားတွင် စိုက်ပျိုးပြီး ငတ်ပြတ်ကာ အာဟာရချို့တဲ့သည့် ကလေးများကို အထောက်အကူပြု အသက်ဆက်ပေးနိုင်တော့မည်ဟုလည်း ယင်းက ဆိုသည်။

“ကျွန်တော်တို့ ယူဂန္ဓာကို မျိုးတွေပို့တော့မှာပါ၊ လယ်ကွင်းတွေမှာ ငှက်ပျောသီးတွေကို အစားထိုး စိုက်ပျိုးသွားဖို့လည်း စီစဉ်နေပါတယ်” ဟု ဂျိမ်းစ်က ပြောကြားသည်။