POST TYPE

FOREIGN AFFAIRS

တရားခွင်သို့ လက်ထိပ်ဖြင့် မတက်နိုင်ဟု တူရကီ ကာ့ခ်လိုလားသည့် ပါတီခေါင်းဆောင် ပြောကြား
08-Jul-2017 tagged as တူရကီ

အန်ကာရာ၊ ဇူလိုင် ၇

တရားခွင်သို့ လက်ထိပ်ဖြင့် တက်ရောက်ရမည်ဟု တူရကီ ရဲတပ်ဖွဲ့က ပြောကြားထားသော်လည်း ယင်းကဲ့သို့ မလုပ်ဆောင်နိုင်ဟု တူရကီနိုင်ငံတွင်းရှိ ကာခ့်လိုလားသည့် ပြည်သူ့ဒီမိုကရက်တစ်ပါတီမှ အချုပ်ကျနေသည့် ပါတီခေါင်းဆောင် ဆီလာဟတ်တင် ဒီမာတက်က ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အနောက်မြောက်ပိုင်း အီဒါနီပြည်နယ် အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းခံထားရသည့် ဒီမာတက်ကို အန်ကာရာမြို့ တရားရုံးသို့ သွားရောက်ထွက်ဆိုရန် ရဲတပ်ဖွဲ့က ပြောကြားထားသော်လည်း လက်ထိပ်ဖြင့် မသွားနိုင်ဟု ဒီမာတက် ငြင်းဆိုထားသည်။

“အမတ်တစ်ဦးဖြစ်တဲ့ အတွက် ကင်းလွတ်ပိုင်ခွင့် အခုထိ ရှိသေးတယ်လို့  သူ (ဒီမာတက်) ပြောကြားပါတယ်။ လက်ထိပ်နဲ့ဆိုရင် တရားခွင်ကြားနာမှုတက်မှာ မဟုတ်ပါဘူး” ဟု ပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ထုတ်ပြန်ထားသည်။

ဒီမာတက်ကို လက်ထိပ်ဖြင့် ခေါ်ဆောင်ရန် တရားရုံးက ဆုံးဖြတ်လိုက်ခြင်းကို တရားရုံးတွင်းရှိ ပြည်သူများ လက်ခုပ်တီး အားပေးလိုက်ပြီးနောက်တွင် HDP ပါတီဝင် အမတ်များ တရားခွင်မှ ထွက်ခွာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မတရားအသင်းအဖြစ် ထုတ်ပြန်ခံထားရသည့် ကာ့ခ်အလုပ်သမားပါတီ 
(PKK) နှင့် ဆက်နွှယ်သည်ဟု သံသယ ရှိခြင်းကြောင့် ဒီမာတက် အပါအဝင် HDP ပါတီဝင် အမတ် တစ်ဒါဇင်ကျော်ကို တူရကီအစိုးရအဖွဲ့ ဖမ်းဆီးခြင်း ဖြစ်သည်။

“ဒါက အရပ်ဘက် အာဏာသိမ်းမှုတစ်ရပ်ပါ။ ဒီမာတက်က HDP ပါတီ ဥက္ကဋ္ဌနဲ့ အမတ်တစ်ဦးပါ။ တရားမျှတမှု မရှိတာတွေ ဆက်ဖြစ်နေတာကို ပြသတဲ့ အချက်တစ်ခုပါ” ဟု HDP ပါတီမှ စာပီကီမယ်ဘေးက ပြောကြားသွားသည်။

တူရကီပြည်သူ၊ အစိုးရနှင့် နိုင်ငံတော် အင်စတီကျူးရှင်းများကို စော်ကားသည်ဆိုသော စွပ်စွဲချက်ဖြင့် ဖေဖော်ဝါရီလတွင် ဒီမာကတ် ပြစ်ဒဏ်ကျခံခဲ့ရပြီး လက်ရှိတွင် အကြမ်းဖက်ဝါဒဖြန့်မှု အတွက် ထောင်ဒဏ် ၁၄၂ နှစ် ကျခံစေရန် အစိုးရ ရှေ့နေများက လိုလားလျက် ရှိသည်။

ကာ့ခ် HDP ပါတီသည် အစိုးရကို လက်နက်ကိုင်ပုန်ကန်နေသည့် ကာ့ခ် PKK အဖွဲ့က အဖွဲ့ခွဲတစ်ခုသာ ဖြစ်သည်ဟု တူရကီအစိုးရက စွပ်စွဲထားသည်။