News

POST TYPE

FOREIGN AFFAIRS

ဖိလစ်ပိုင် မွတ်ဆလင်သူပုန်များနှင့် ဆွေးနွေးရေးကိစ္စ ဒူတာတေး အမျိုးမျိုးပြော
07-Jul-2017 tagged as ဖိလစ်ပိုင်

မနီလာ၊ ဇူလိုင် ၆

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးသည် IS ကဲ့သို့ လှုပ်ရှားနေသော ဖိလစ်ပိုင် မွတ်ဆလင်သူပုန်များက မြို့တစ်မြို့ကို သိမ်းခဲ့ပြီးနောက် ဆွေးနွေးညှိနှိုင်းမည်ဟု ပြောဆိုခဲ့ပြီးနောက် မဆွေးနွေးဖြစ်တော့ကြောင်း၊ တစ်ဖန် ပြန်လည်ဆွေးနွေးမည် စသဖြင့် အကြိမ်ကြိမ် ပြောင်းလဲပြောဆိုခဲ့သည်ကို Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

သူပုန်များက ဓားစားခံများစွာကို ဖမ်းဆီးထားသည့် အခြေအနေတွင် သမ္မတက ဆုံးဖြတ်ရခက်သည့် အနေအထားသို့ ရောက်ရှိနေဖွယ် ရှိသည်။

သမ္မတရုံးမှ အရာရှိကြီးတစ်ဦးက ချဉ်းကပ်လာကာ မွတ်ဆလင် သူပုန်ခေါင်းဆောင်များနှင့် ညှိနိုင်းလိုပါကြောင်း ဆက်သွယ်လာသည်ဟု ထင်ရှားသော မွတ်ဆလင်ခေါင်းဆောင် အဂါခန်းရှာရစ်ဖ်က ပြောကြားခဲ့သည်။ 

မေလ ၂၃ ရက်နေ့က မာရာဝီမြို့၏ အချို့နေရာများကို သိမ်းပိုက်ထားသော အစ္စလာမ္မစ် တိုက်ခိုက်ရေးသမားများက ရာပေါင်းများစွာသော ဓားစာခံများကို ထိန်းသိမ်းထားခဲ့ရာတွင် ၎င်းတို့ လွတ်မြောက်ရေးအတွက် စေ့စပ်ရန် သမ္မတရုံးက ကြိုးစားလာခြင်း ဖြစ်သည်ဟု အဆိုပါ ဘာသာရေးခေါင်းဆောင်က ဆိုသည်။

မော်တီညီအစ်ကိုများဟု ခေါ်သည့် သူပုန်ခေါင်းဆောင်များက အိုမာခရမ်နှင့် အဗ္ဗဒူလာတို့ကို တွေ့ဆုံဆွေးနွေးရန် လုပ်ဆောင်သည့် ဆောင်ရွက်ချက်များ၏ နောက်တွင် သမ္မတဒူတာတေး ရှိနေသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ 

သို့သော် သမ္မတသည် မေလ ၃၁ ရက်နေ့က အကြမ်းဖက်သမားများနှင့် စကားမပြောဟု မိန့်ခွန်းတွင် ကြေညာပြောဆိုခဲ့ရာ ဆွေးနွေးမှုဖြစ်စဉ် ရပ်တန့်ခဲ့ရသည်။

နောက်ငါးရက်အကြာတွင် တယ်လီဗေးရှင်း မိန့်ခွန်းတစ်ခု၌ လက်ရှိအကျပ်အတည်းကို ညှိနိုင်းပြီး ဖြေရှင်းနိုင်ပါသည်ဟု ပြောပြန်သည်။ ညှိနှိုင်း၍မရပါက ချကြမည်ဟု သမ္မတ ဒူတာတေးက ပြောပြန်သည်။
“ပြဿနာကတော့ ကျွန်တော်တို့ သမ္မတက စိတ်ခဏခဏ ပြောင်းနေတာပဲ ဖြစ်ပါတယ်” ဟု ရှာရစ်ဖ်က ပြောကြားခဲ့သည်။

ဘာသာရေးဆရာကြီး အဂါခန်းရှာရစ်ဖ်သည် ဖိလစ်ပိုင်နိုင်ငံ မင်ဒါနာအိုဒေသ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ဖြစ်သည်။    
F-02