POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယား ဒုံးကျည်ပြဿနာတွင် လိုအပ်လျှင် စစ်အင်အားသုံးမည်ဟု အမေရိကန် ပြောကြား
ဝါရှင်တန်၊ ဇူလိုင် ၆

အင်္ဂါနေ့က မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပြီးတွင် လိုအပ်ပါက မြောက်ကိုရီးယားအပေါ် စစ်အင်အား သုံးမည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ပြုံယမ်းအပေါ် အရေးယူမှုအသစ် ချမှတ်ရေး အတွက်လည်း ကုလသမဂ္ဂတွင် တင်ပြသွားမည်ဟု အမေရိကန် သံအမတ်ကြီး နစ်ကီဟာလေက ပြောကြားသည်။ ဒုံးကျည်စမ်းသပ်မှုသည် သိသာသော စစ်ရေးတင်းမာမှုဖြစ်ပြီး ကုန်သွယ်ရေး ပိတ်ဆို့မှုများ ပြုလုပ်မည်ဟု သူမက ခြိမ်းခြောက်ပြောကြားသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် ဂျပန်ကာကွယ်ရေးဝန်ကြီး တိုမိုမီအီနာဒါတို့ကလည်း ပြုံယမ်း၏ ဒုံးကျည်စမ်းသပ်မှုသည် လက်သင့်မခံနိုင်သော ရန်စမှု ဖြစ်သည်ဟု ပြောဆိုသည်။

သံအမတ်ကြီး မစ္စဟာလေက အမေရိကန်ပြည်ထောင်စုသည် ကိုယ်တိုင်နှင့် မဟာမိတ်များကို ကာကွယ်ရန် စွမ်းရည်များကို အပြည့်အဝ ထုတ်သုံးသွားဖို့ ပြင်ဆင်ထားကြောင်း၊ လိုအပ်ပါက စစ်အင်အားကို အသုံးပြုသွားမည် ဖြစ်သော်လည်း ထိုနည်းလမ်းကို အသုံးမပြုလိုကြောင်း လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားသည်။

ယင်းကိစ္စကို သမ္မတထရမ့်နှင့် ဆွေးနွေးခဲ့သော မစ္စဟာလေက ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်ကာ မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး ဆက်လက်ဆက်ဆံနေသော နိုင်ငံများကို အမေရိကန်က ကုန်သွယ်မှု ဖြတ်တောက်ဖွယ် ရှိသည်ဟု ပြောကြားသည်။

မြောက်ကိုရီးယားနှင့် ကုန်သွယ်ရေး ဆက်ဆံမှုကြောင့် တရုတ်နိုင်ငံကို သမ္မတ ထရမ့်က အစောပိုင်းကပင် ဝေဖန်ခဲ့သည်။

ပိုလန်သို့ ရောက်ရှိနေသော သမ္မတ ထရမ့်သည် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ဒုတိယအကြိမ် တွေ့ဆုံမည်ဖြစ်ပြီး ထို့နောက်တွင် G-20 အစည်းအဝေး တက်ရောက်ရန် ဂျာမနီနိုင်ငံ ဟမ်းဘတ်သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။

ပြင်သစ်သံအမတ်ကြီးက မြောက်ကိုရီးယားအပေါ် တင်းကျပ်သော အရေးယူမှုများ ချမှတ်ရေးကို ထောက်ခံကြောင်း ပြောကြားသည်။

ရုရှားနိုင်ငံကမူ မြောက်ကိုရီးယားကို ရှုတ်ချကြောင်းနှင့် စစ်ရေးနည်းလမ်း အသုံးပြုမှုကို ဖယ်ရှားသင့်ကြောင်း မှတ်ချက်ပေးသည်။

တရုတ်နိုင်ငံကမူ ပတ်သက်နေသော နိုင်ငံများအားလုံး နောက်တစ်လှမ်း ဆုတ်ကြရန် ထပ်မံတိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အင်္ဂါနေ့က ဒုံးကျည်စမ်းသပ်မှုနှင့် ပတ်သက်၍ ပြုံယမ်းက ၎င်း၏ ဟွာဆောင်း ၁၄ တိုက်ချင်းပစ် ICBM ဒုံးကျည်သည် ၃၉ မိနစ် ပျံသန်းကာ အမြင့် ၂၈၀၂ ကီလိုမီတာနှင့် အကွာအဝေး ၉၃၃ ကီလိုမီတာသို့ ရောက်ရှိခဲ့သည်ဟု ပြောကြားသည်။

ထို့ပြင် အမေရိကန်ယန်းကီးများထံ လက်ဆောင်ထုပ် အကြီးတစ်လှည့်၊ အသေးတစ်လှည့် မကြာမကြာ ပို့ပေးရန် တာဝန်ရှိသူများကို အမိန့်ပေးထားသည်ဟု ကင်ဂျုံအန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက သတင်းထုတ်ပြန်သည်။

F-04