POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားက အလာစကာထိ ရောက်နိုင်သော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်၊ အမေရိကန်နှင့် တောင်ကိုရီးယားက ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုဖြင့် တုံ့ပြန်
ဆိုးလ်၊ ဇူလိုင် ၅

မြောက်ကိုရီးယားက အမေရိကန်၏ အလာစကာပြည်နယ်အထိ ရောက်ရှိနိုင်သည်ဟု ယူဆရသော တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ပြီးနောက် အမေရိကန်နှင့် တောင်ကိုရီးယားတို့က ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုဖြင့် တုံ့ပြန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

မိမိတို့ဘာသာ သည်းခံထိန်းသိမ်းနေခြင်းကြောင့်သာ စစ်ဆိုင်းထားခြင်းနှင့် စစ်ပွဲအကြား ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ အချိန်မရွေး ပြောင်းလဲသွားနိုင်ကြောင်း မဟာမိတ် နှစ်နိုင်ငံက ထုတ်ပြန်သွားခဲ့သည်။ မြောက်ကိုရီးယားသာ အခြားနည်း စဉ်းစားပါက အမှားကြီး မှားသွားမည်ဟုလည်း သတိပေးခဲ့သည်။  

၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲတွင် စစ်ဆိုင်းထားသည့် အဆင့်ဖြင့်သာ ပြီးဆုံးသွားခြင်းကြောင့် တောင်နှင့်မြောက် နှစ်နိုင်ငံမှာ သဘောတရားအရ စစ်ပွဲကာလအတွင်းသာ ရှိနေဆဲဖြစ်သည်။

အမေရိကန်-တောင်ကိုရီးယားက စစ်ရေးလေ့ကျင့်မှုများ ရပ်ဆိုင်းပေးပြီး အပြန်အလှန်အဖြစ် မြောက်ကိုရီးယားက လက်နက်စီမံကိန်းများ ရပ်ဆိုင်းထားရန် တရုတ်နှင့် ရုရှားတို့က တိုက်တွန်းပြောကြားထားသည်။

မြောက်ကိုရီးယား၏ ယခုစမ်းသပ်မှုသည် အခြားစမ်းသပ်မှုများနည်းတူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူ ပိတ်ဆို့မှုကို ဖီဆန်ခြင်း ဖြစ်သည်။

အမေရိကန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တောင်းဆိုထားပြီး ဇူလိုင်လ ၅ ရက်နေ့ နှောင်းပိုင်းတွင် နိုင်ငံ ၁၅ နိုင်ငံ ပါဝင်သည့် ကောင်စီ၏ တံခါးပိတ် အစည်းအဝေး ကျင်းပမည် ဖြစ်သည်။

တိုက်ချင်းပစ်ဒုံးကျည် (ICBM) အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပြုံယမ်းအစိုးရက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း ကျွမ်းကျင်သူ အများစုက မြောက်ကိုရီးယားတွင် တာဝေးပစ် နျူကလီးယားလက်နက် စွမ်းရည်မရှိသေးဟု ယုံကြည်နေကြသည်။

အမေရိကန်နှင့် တောင်ကိုရီးယားက ဂျပန်ပင်လယ်တွင် ပဲ့ထိန်းဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုဖြင့် တုံ့ပြန်ခဲ့သည်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းက မဟာမိတ်တို့အနေနှင့် ဒုံးကျည်ကာကွယ်ရေး ရပ်တည်မှုကို ကြေညာချက်သက်သက် မဟုတ်ဘဲ လုပ်ရပ်ဖြင့် ဖော်ပြရမည်ဟု ပြောကြားခဲ့သည်။

ဇူလိုင်လ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ သော ယခုစမ်းသပ်မှုသည် အမေရိကန်တို့အတွက် လွတ်လပ်ရေးနေ့ လက်ဆောင်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။

ယန်းကီး (အမေရိကန်) တို့အတွက် လက်ဆောင်အကြီး အသေးမျိုးစုံ မကြာခဏ ပေးပို့ရန်လည်း ခေါင်းဆောင်ကြီးက တာဝန်ရှိသူများကို မှာကြားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

Hwasong-14 တိုက်ချင်းပစ်ဒုံးကျည် (ICBM) သည် အမြင့်ပေ ၂၈၀၂ ကီလိုမီတာ (၁၇၃၁ မိုင်) အထိ ရောက်ရှိခဲ့ပြီး ပင်လယ်တွင်းမှ ပစ်မှတ်ကို မထိမှန်မီ ၃၉ မိနစ်မျှ ကြာမြင့်ခဲ့ပြီး ၉၃၃ ကီလိုမီတာမျှ ရောက်ရှိခဲ့သည်ဟု မြောက်ကိုရီးယားက ဆိုသည်။

ကမ္ဘာတစ်ဝန်းရှိ မည်သည့်နေရာကိုမဆို ထိအောင်ပစ်နိုင်သည့် အားအပြင်းဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို ပိုင်ဆိုင်ထားသည့် တင်းပြည့်ကျပ်ပြည့် နျူကလီးယား အင်အားကြီးနိုင်ငံ ဖြစ်လာပြီဟု မြောက်ကိုရီးယားက ထုတ်ပြန်သည်။

ဇူလိုင်လ ၄ ရက်နေ့စမ်းသပ်မှုအရ မြောက်ကိုရီးယားသည် အမေရိကန်၊ အလာစကာထိ ရောက်နိုင်သော ဒုံးကျည်မျိုး စမ်းနိုင်ပြီဟု သက်သေပြနိုင်ပြီဖြစ်ကြောင်း ကျွမ်းကျင်သူအချို့က သုံးသပ်ထားသည်။ 

ကျွမ်းကျင်သူတို့၏ သုံးသပ်ချက်အရ အဆိုပါ ဒုံးကျည်သည် ကီလိုမီတာ ၇၀၀၀ မှ ၈၀၀၀ အကွာအဝေးအထိ ပျံသန်းနိုင်သည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း အဆိုပါဒုံးကျည်တွင် နျူကလီးယားထိပ်ဖူး တပ်နိုင်ခြင်း ရှိ၊ မရှိမှာမူ မေးခွန်းထုတ်စရာ ရှိနေဆဲဖြစ်သည်။

မြောက်ကိုရီးယားက လက်နက်ကြီး ထိပ်ဖူးသည်နိုင်ပြီဟု ပြောနေသော်လည်း  ဒုံးကျည်၏ အပူချိန်မြင့်မားမှု ဒဏ်ခံနိုင်အားနှင့် ကမ္ဘာ့လေထုတွင်း ပြန်လည်ဝင်ရောက်နိုင်စွမ်းအတွက် သက်သေမရှိသေးကြောင်း တောင်ကိုရီးယားက သုံးသပ်ထားသည်။

နျူကလီးယားထိပ်ဖူးကို အသေးစား ဖန်တီးပြီး တိုက်ချင်းပစ်ဒုံးကျည်ထိပ်တွင် တပ်ဆင်နိုင်စွမ်း ပြုံယမ်းတွင် မရှိသေးဟု ကျွမ်းကျင်သူတို့က သုံးသပ်သည်။ 

ထို့အပြင် ပစ်မှတ်ကို အတိအကျ ထိမှန်အောင် ပစ်နိုင်စွမ်းလည်း မရှိသေးဟု ခန့်မှန်းထားကြသည်။

ယခုနှုန်းအတိုင်း ဆိုပါက လာမည့် ၅ နှစ်မှ ၁၀ နှစ်အတွင်း အမေရိကန်ကို အမှန်တကယ်ထိအောင် ပစ်နိုင်စွမ်း ရှိလာမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။

F-03