POST TYPE

FOREIGN AFFAIRS

မြောက်လန်ဒန်ရှိ ဗလီတစ်လုံးအနီးတွင် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွား၊ တစ်ဦးသေ ရှစ်ဦး ဒဏ်ရာရ
19-Jun-2017 tagged as ဗလီ

လန်ဒန်၊ ဇွန် ၁၉

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ မြောက်ဘက်ရှိ ဗလီတစ်လုံးအနီးတွင် အကြမ်းဖက် တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့ကြောင်း BBC က ကနဦး သတင်းဖော်ပြထားသည်။

အကြမ်းဖက်တိုက်ခိုက်မှုသည် ညီအစ်မခုနစ်ဖော်လမ်း (Seven Sisters Road) ရှိ ဖင်းစ်ဘူရီပန်းခြံ ဗလီအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လန်ဒန်စံတော်ချိန် ညသန်းခေါင်ယံ ဝန်းကျင်တွင် ယင်းအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လန်ဒန်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီလည်း ဖြစ်သည်။

ဗြိတိန်မွတ်စလင်မ်ကောင်စီသည် အကြမ်းဖက်သူမှာ ဘုရားရှိခိုး ဝတ်ပြုနေသူများကို ကားဖြင့် တက်ကြိတ်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်ဟု ကြေညာချက် ထုတ်ပြန်ထားပြီး လက်ရှိတွင် ယင်းအကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အသက် ၄၈ နှစ် အရွယ်ရှိ လူပုဂ္ဂိုလ်တစ်ဦးကို လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီ ဖြစ်သည်။

မျက်မြင်သက်သေများကမူ အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူသည် မွတ်စလင်မ်များ၏ ဥပုသ်ချိန် ကုန်ဆုံးပြီးနောက် ဗလီအတွင်းမှနေ၍ ဝတ်ပြုဆုတောင်းကာ ပြန်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ဖွယ် ရှိသည်ဟု မှတ်ချက်ပေးပြောဆိုခဲ့ပြီး လက်ရှိတွင် ယင်းနေရာဝန်းကျင်ကို အကြမ်းဖက် တန်ပြန်တိုက်ခိုက်ရေး ရဲအရာရှိများက လုံခြုံရေး ယူထားလိုက်ပြီဟု မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က အသိပေးထားသည်။

အကြမ်းဖက်တိုက်ခိုက်သူသည် ဗင်ကားကို မောင်းနှင်၍ ဗလီအနီးရှိ လူသွားလမ်းတွင် လမ်းလျှောက်နေသူများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကာ ဝန်ကြီးချုပ် ထရီဇာမေကလည်း လက်ရှိတွင် ရဲတပ်ဖွဲ့ဝင်များက ယင်းကိစ္စကို အပြည့်အဝ တာဝန်ယူ ဖြေရှင်းနေပြီ ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားပြီ ဖြစ်သည်။