POST TYPE

FOREIGN AFFAIRS

IS အဖွဲ့ခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့သည်ဟု ရုရှားစစ်ဘက်က ပြောဆိုမှုကို အနောက်အုပ်စုနှင့် အီရတ်နိုင်ငံတို့ သံသယရှိ
18-Jun-2017 tagged as IS

ဘဂ္ဂဒက်၊ ဇွန် ၁၇

ယခင်လက ဆီးရီးယား လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် IS အဖွဲ့ ခေါင်းဆောင် အဘူဘာကာ အယ်လ်ဘက်ဒါဒီကို သုတ်သင်နိုင်ခဲ့ဖွယ် ရှိသည်ဟု မော်စကိုက သောကြာနေ့တွင် ပြောကြားခဲ့သော်လည်း ၎င်းသေဆုံးမှုကို အတည်မပြုနိုင်ကြောင်းနှင့် ထိုသတင်းကို အနောက်အုပ်စုနှင့် အီရတ်က သံသယရှိကြောင်း ဝါရှင်တန်က ပြောကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

လျှို့ဝှက်လွန်းသော IS အဖွဲ့ခေါင်းဆောင်သည် ၂၀၁၄ ခုနှစ်က မိုဆူးလ်တွင် အစ္စလာမ်အုပ်ချုပ်ရေး ထူထောင်ကြောင်း ကြေညာပြီးကတည်းက ၎င်း၏ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုသတင်းများ မကြာခဏ ထွက်ပေါ်လာလေ့ ရှိသည်။

ယခုသတင်း မှန်ကန်ပါက အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများ ဆုံးရှုံးနေမှုကို အသည်းအသန် ကာကွယ်နေရသော IS အဖွဲ့အတွက် ကြီးမားသော ထိုးနှက်မှု ဖြစ်လိမ့်မည် ဖြစ်သည်။

သို့ရာတွင် ယင်းသတင်းအပေါ် အမေရိကန် ထောက်လှမ်းရေးဌာနများနှင့် အီရတ်လုံခြုံရေးဌာနများက သံသယ ရှိကြသည်ဟု ဆိုသည်။

ဥရောပ ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးက တရားဝင် သေဆုံးကြောင်း ကြေညာချက် မထုတ်မချင်း သံသယ ရှိသည်ဟု မှတ်ချက်ပေးခဲ့ပြီး၊ ပင်တဂွန် ပြောရေးဆိုခွင့် ရှိသူကလည်း ထိုသတင်းကို အတည်ပြုရန် အချက်အလက်မရှိဟု ပြောကြားသည်။

မေလ ၂၈ ရက်က ရက်ကာမြို့ ဆင်ခြေဖုံးတွင် IS အဖွဲ့ ခေါင်းဆောင်များ အစည်းအဝေး ပြုလုပ်မည်ဟူသော ထောက်လှမ်းရေးသတင်းကို ဒရုန်းဖြင့် ထောက်လှမ်းအတည်ပြုပြီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ဘက်ဒါဒီနှင့်တကွ တပ်မှူး ၃၀ နှင့် အစောင့်တပ်ဖွဲ့ဝင် ၃၀၀ ခန့် သေဆုံးသည့် သတင်းကို ရရှိခဲ့သည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

သို့ရာတွင် အီရတ်ထောက်လှမ်းရေး တာဝန်ရှိသူတစ်ဦးက “ထိုအချိန်တွင် ရက်ကာ၌ ဘက်ဒါဒီမရှိဟု ယုံကြည်ရပြီး သေဆုံးသူမှာ ဘက်ဒါဒီ၏ လက်ထောက်တစ်ဦးသာ ဖြစ်နိုင်ကြောင်း၊ ဘက်ဒါဒီသည် အီရတ်နှင့် ဆီးရီးယား နယ်စပ်ဒေသတွင် လက်ထောက်အနည်းငယ်နှင့် လျှို့ဝှက်လှုပ်ရှားနေပြီး ခြေရာမခံနိုင်စေရန် တယ်လီဖုန်းကဲ့သို့ ကိရိယာများကို ရှောင်ရှားလေ့ ရှိကြောင်း၊ ခိုင်မာသော အထောက်အထား ရရှိပါက ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း” ရှင်းလင်းပြောကြားသည်။

ဘက်ဒါဒီသည် အသက် ၄၀ ကျော်အရွယ် အီရတ်လူမျိုးတစ်ဦးဖြစ်ပြီး အီရတ်တွင် အမေရိကန်တပ်များကို နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီး ၂၀၁၃ တွင် အယ်လ်ကေဒါအဖွဲ့မှ ခွဲထွက်လာခဲ့သူ ဖြစ်သည်။ 

၎င်းကို ဖမ်းဆီးရမိအောင် သတင်းပေးနိုင်သူကို ဒေါ်လာ ၂၅ သန်း ချီးမြှင့်မည်ဟု အမေရိကန် နိုင်ငံခြားရေးဌာနက ဆုငွေထုတ်ပြန်ထားသည်။

ဘက်ဒါဒီသည် မေလကုန်က ဒါအယ်လ်ဇိုနှင့် အီရတ်အကြားရှိ ဆီးရီးယားနယ်မြေထဲတွင် ရှိနေသည်ဟု ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအုပ်စုမှ ရာမီအဗ္ဗဒူရာမန်က ပြောကြားသွားသည်။