News

POST TYPE

FOREIGN AFFAIRS

ဆော်ဒီသည် အီရန်မြေပေါ်မှ စစ်သွေးကြွများကို ထောက်ပံ့နေသည်ဟု အီရန် စွပ်စွဲ
16-Jun-2017 tagged as IS အီရန်

တီဟီရန်၊ ဇွန် ၁၅

အီရန်နိုင်ငံမြို့တော် တီဟီရန်တွင်  ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများမှာ ၎င်းတို့လက်ချက် ဖြစ်သည်ဟု ဆွန်နီအစွန်းရောက်အဖွဲ့ IS က ကြေညာခဲ့ပြီးနောက် ဆော်ဒီအာရေဗျသည် အီရန်နိုင်ငံ အတွင်းရှိ စစ်သွေးကြွများကို ထောက်ပံ့နေသည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗတ်ဇာရိဖ်က ဇွန်လ ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ပဋိပက္ခများကို ဖြေရှင်းနိုင်ရေးဒေသ တွင်းဖိုရမ်တစ်ခု ဖန်တီးရန်လည်း ဒေသတွင်း နိုင်ငံများကို ဇာရိဖ်က တောင်းဆိုသွားခဲ့သည်။

ဆော်ဒီနှင့် အီရန် အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ယခုနှစ်ပိုင်းအတွင်း အတင်းမာဆုံး အခြေအနေ ရောက်လာခဲ့သည်။ ပြီးခဲ့သည့်အပတ်က ဆော်ဒီနှင့် အခြားအာရပ်နိုင်ငံများ ကာတာနှင့် ဆက်ဆံရေး ဖြတ်တောက်ခဲ့ရာတွင် အဓိက အကြောင်းပြချက်တစ်ရပ်မှာ အီရန်ဘက်မှ ကာတာက ထောက်ခံပေးနေသည် ဆိုသော စွဲချက် ဖြစ်သည်။

နောက်နှစ်ရက်အကြာတွင် တီဟီရန်၌ အသေခံဗုံးခွဲမှုနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကာလူ ၁၇ ဦး သေဆုံးခဲ့သည်။ ဆော်ဒီအာရေဗျသည် IS အပါအဝင် အစ္စလာမ္မစ် စစ်သွေးကြွများကို ပံ့ပိုးနေသည်ဟု အီရန်က ထပ်တလဲလဲ စွပ်စွဲခဲ့သည်။ ဆော်ဒီက မူယင်းတိုက်ခိုက်မှုများတွင် မပါဝင်ဟု  ငြင်းဆိုထားသည်။

“ဆော်ဒီအာရေဗျဟာ အီရန်အရှေ့ပိုင်း ဘာလူချီစတန်က အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့အားပေးနေတယ် ဆိုတဲ့ ထောက်လှမ်းရေး သတင်းအချက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်” ဟုဇာရိဖ်က အော်စလိုတွင် ကျင်းပသော ငြိမ်းချမ်းရေး ကြားဝင်ညှိနှိုင်းမှုဆိုင်ရာ ကွန်ဖရင့်နှင့် တစ်ဆက်တည်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ရှီးယိုက်မွတ်ဆလင် လူများစု ရှိသော အီရန်တွင် ဘာလူချီစတန်ပြည်နယ်သည် ဆွန်နီမွတ်ဆလင် လူနည်းစု အဓိကနေထိုင်ရာ ပြည်နယ် ဖြစ်သည်။

အီရန်နှင့် ဆော်ဒီအာရေဗျသည် ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ အပြန်အလှန် စွပ်စွဲထားသလို ဆီးရီးယား၊ ယီမင်၊ အီရတ်တို့တွင် ဖြစ်ပွားသော ပဋိပက္ခများ၌ ပြိုင်ဘက်ဖြစ်နေသည့် အုပ်စုများမှ တစ်ဖက်စီ ထောက်ပံ့နေကြသည်။

“အနောက်အုပ်စုကလည်း ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံရဲ့ သံတမန်ရေး ဖော်ရွေမှုကို အလွဲသုံးပြီး အလားတူ လှုပ်ရှားမှုမျိုး လုပ်နေပါတယ်” ဟု ဇာရိဖ်က တိုက်ရိုက်မရည်ညွှန်းဘဲ ပြောကြားခဲ့သည်။

အမေရိကန်သည် ဒေသအတွင်း အစ္စလာမ္မစ် စစ်သွေးကြွများ အားကောင်းအောင် တစ်ဖက်လှည့်ဖြင့် ပံ့ပိုးနေသည်ဟု အီရန်က စွပ်စွဲထားသည်။

သဘောကွဲလွဲမှုများကို ဖြေရှင်းရန် ဒေသတွင်း ဖိုရမ်တစ်ခု ထူထောင်ရန်လည်း ဇာရိဖ်က အဆိုပြုခဲ့ပြီး ယခုအခါ ကာတာက တစ်ဖက်၊ ဆော်ဒီ၊ အီဂျစ်၊ ယူအေအီး၊ ဘာရိန်းတို့က တစ်ဖက် တင်းမာမှုများ ဖြစ်ပွားနေချိန်မျိုးတွင် ယင်းသို့သော အဖွဲ့အစည်းကို ပိုမိုလိုအပ်လာပြီ ဖြစ်ကြောင်း ဇာရိဖ်က ပြောကြားခဲ့သည်။

အီရန်သည် အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးနေသည့်နိုင်ငံ ဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့မှုနှင့် ပတ်သက်ပြီး စက်တင်ဘာ ၁၁ အကြမ်းဖက်တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူများမှာ အီရန်နိုင်ငံသားများ မဟုတ်ဘဲ ဆော်ဒီအာရေဗျ နိုင်ငံသားများသာ ဖြစ်သည် ဆိုသောအချက်ကို အမှတ်ရရန် လိုသည်ဟု ဇာရိဖ်က တုံ့ပြန်ခဲ့သည်။ 

“သမ္မတထရမ့်က စက်တင်ဘာ ၁၁ အသေခံ တိုက်ခိုက်ခဲ့သူ ၁၉  ဦးထဲက ၁၅ ဦး ဘယ်နိုင်ငံသား ဆိုတာကို သေပြီးမှ ပြောင်းဖို့ ကြိုးစားနေတာပါ။ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း အမေရိကန်မြေ ဒါမှမဟုတ် အနောက်နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်ခဲ့တဲ့ အခြားသော အသေခံဗုံးခွဲသမားတိုင်း ဘယ်နိုင်ငံကလာသလဲ ဆိုတာကို ပြောင်းဖို့ ကြိုးစားနေတာပါ။ သူတို့တွေ အီရန်က လာတာ မဟုတ်ပါဘူး။ တစ်ယောက်မှ မဟုတ်ပါဘူး” ဟု ဇာရိဖ်က ပြောကြားသွားသည်။

F-03