News

POST TYPE

FOREIGN AFFAIRS

ဗင်နီဇွဲလား၌ ဆန္ဒပြသူများကို အိမ်ရာဝင်းအတွင်း ဝင်စီးမှု လူရမ်းကားဆန်သည်ဟု အတိုက်အခံများ ရှုတ်ချ
16-Jun-2017 tagged as

ကရာကတ်စ်၊ ဇွန် ၁၅

လုံခြုံရေးတပ်ဖွဲ့များ ပစ်ခတ်ခံရပြီးနောက် ဆန္ဒပြသူများကို ဖမ်းဆီးရန် လူနေထူထပ်သည့် လူလတ်တန်းစား တိုက်ခန်းအိမ်ရာဝင်း အတွင်းသို့ အစိုးရ လုံခြုံရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းမှုတွင်  အလွန်အကျွံ အကြမ်းဖက်ခဲ့ပြီး လူရမ်းကားဆန်သည်ဟု အတိုက်အခံအမတ်များက ဝေဖန်ခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

လော့စ်ဗားဒက်စ် တိုက်ခန်းအိမ်ရာဝင်း ဂိတ်တံခါးများကို သံချပ်ကာကားများဖြင့် တက်ကြိတ်ပြီး ဝင်ရောက်စီးနင်းမှု မှတ်တမ်းဗီဒီယိုဖိုင်များ ထွက်ပေါ်လာခဲ့သည်။ 

စစ်ဆင်ရေးအတွင်း လုံခြုံရေးတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သူ ၂၃ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီး နက်စ်တာရီဗာလ်ရိုက ပြောကြားခဲ့သည်။
“ဒီလူတွေဟာ တာဝန်ရှိသူတွေကို ပစ်ခတ်ဒဏ်ရာရစေမှု အပါအဝင် အကြမ်းဖက်မှုတွေမှာ ပါဝင်ပတ်သက်နေသူတွေ ဖြစ်ပါတယ်” ဟု ဝန်ကြီး ရီဗာလ်ရိုက ဖြေရှင်းခဲ့သည်။

မြို့တော်ကရာကတ်စ်ရှိ လော့စ်ဗားဒက်စ် အိမ်ရာဝင်းမှာ ဆန္ဒပြသူများနှင့် လုံခြုံရေးတပ်များ လွန်ခဲ့သောနှစ်လမှစပြီး ညစဉ်နီးပါး ပဋိပက္ခ ဖြစ်ပွားနေသည့် ရပ်ကွက်တစ်ခုအတွင်း တည်ရှိသည်။ 

ဗင်နီဇွဲလားတွင် အစိုးရက အတိုက်အခံများအပေါ် ကန့်သတ်မှုများ ပြုလုပ်ခဲ့သလို အခြေခံစားသုံးကုန်များ ကာလရှည် ပြတ်တောက်နေခြင်းကြောင့် ဆန္ဒပြမှုများ၊ အုံကြွမှုများ  ဆက်တိုက်ဖြစ်ပေါ်နေသည်။

ဧပြီလကတည်းက သေဆုံးသူ ၆၈ ဦးထက်မနည်း ရှိသွားပြီ ဖြစ်သလို ဆန္ဒပြသူများနှင့် အစိုးရဘက်မှ အပြန်အလှန် တုံ့ပြန်မှုများ ပိုမိုပြင်းထန်လာသောကြောင့် နိုင်ငံရေးအကြမ်းဖက်မှုများ ပိုမိုနက်ရှိုင်းလာမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ဆန္ဒပြသူများသည် သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖြုတ်ချလိုသော အကြမ်းဖက်သမားများ ဖြစ်သည်ဟု အစိုးရက စွပ်စွဲထားသည်။

ဆန္ဒပြသူများသည် ရဲများကို တိုက်ခိုက်ခဲ့သလို ကားများကို မီးရှို့ခြင်း၊ လုယက်ခြင်း၊ ၎င်းတို့၏ ဆန္ဒပြမှုမှာ တရားမဝင် ဖြစ်သည်ဟု စီရင်ချက်ချခဲ့သည့် တရားရုံးကို မီးတင်ရှို့ခြင်းများ အပါအဝင် အကြမ်းဖက်မှုများ ပြုလုပ်ခဲ့ကြသည်ဟု အစိုးရက စွပ်စွဲထားသည်။

လော့စ်ဗားဒက်စ်  အိမ်ရာဝင်းကို ဝင်ရောက်စီးနင်းခဲ့ရာတွင် မော်တော်ယာဉ် အများအပြား တံခါးပေါက်များ ရိုက်ခွဲခံခဲ့ရသကဲ့သို့ ဓာတ်လှေကား ၁၂ စင်းထက်မနည်း ပျက်စီးသွားခဲ့ရကြောင်း အခင်းဖြစ်ပွားရာနေရာမှ မျက်မြင်သက်သေတစ်ဦးက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

အိမ်ရာဝင်းအတွင်း နေထိုင်သူတစ်ဦးကလည်း အေးဂျင့်တစ်ဦး၏ ပစ်ခတ်မှုကြောင့် သူ့ခွေးမျက်လုံးကို ကျည်ဆန်ထိခဲ့သည်ဟု ပြောကြားသည်။ 

လူ ၄၅၀၀ ဝန်းကျင် နေထိုင်သော အိမ်ရာဝင်းအတွင်း ဝင်ရောက်စီးနင်းမှုမှာ  လူရမ်းကားဆန်သည့်လုပ်ရပ် ဖြစ်ပြီး “သူတို့တွေဟာ အစိုးရက လက်နက်တပ်ပေးထားတဲ့ မာဖီးယား ရာဇဝတ်ကောင်တွေပါ” ဟု အတိုက်အခံ လွှတ်တော်အမတ် တောမတ်စ်ဂွမ်နီပါက ဝေဖန်ခဲ့သည်။

ဇွန်လ ၁၄ ရက်နေ့တွင် ကရာကတ်စ်မြို့ အခြားနေရာများတွင်လည်း လူအရေအတွက် နည်းသည့် ဆန္ဒပြမှုများနှင့် ထိပ်တိုက်တိုးမှုများ ဖြစ်ပွားခဲ့ကာ လူကုံထံရပ်ကွက် တစ်ခုတွင်း လမ်းပိတ်ထားမှုကို  ရှင်းလင်းရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက  မျက်ရည်ယိုဗုံး ပစ်ဖောက်ခဲ့ကြပြီး ဆန္ဒပြသူများကလည်း မော်တော်ယာဉ်တစ်စီးကို မီးတင်ရှို့ခဲ့ကြသည်။

ဆန္ဒပြသူများ ပိတ်ဆို့ထားသည့် အတားအဆီးများကြောင့် လှည့်ပြန်သည့် ဆိုင်ကယ်တစ်စီးမှာ တခြားတစ်စီးကို ဝင်တိုက်မိရာမှ  လူနှစ်ဦး သေဆုံးခဲ့သည်ဟု  ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။

သမ္မတမာဒူရိုသည် အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရန် လာမည့် ဇူလိုင် ၃၀ တွင် တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်ထားသည်။ 

ယင်းမှာ လက်ရှိ အတိုက်အခံတို့ ထိန်းချုပ်ထားသော လွှတ်တော်ကို ဖျက်သိမ်းရန် ရည်ရွယ်ခြင်းဖြစ်ပြီး အစိုးရဘက်မှ အသာစီးရရန် စီမံထားကြောင်း အတိုက်အခံများက ဝေဖန်ခဲ့ကြသည်။

အတိုက်အခံများက အဆိုပါ ရွေးကောက်ပွဲကို ကန့်ကွက်ထားပြီး သမ္မတ ရွေးကောက်ပွဲသာ ကျင်းပရန် တောင်းဆိုထားသည်။ 

ဆန္ဒပြသူများ၏ တောင်းဆိုမှုကို အစိုးရက နားမထောင်ပါက လက်နက်ကိုင် တော်လှန်မှုအထိ ပေါ်ပေါက်လာနိုင်ကြောင်း အတိုက်အခံအမတ်အချို့က သတိပေး ပြောကြားထားသည်။

“အစိုးရက ရှေ့ဆက်လုပ်နေမယ်ဆိုရင်၊ တစ်ကမ္ဘာလုံးက သိရှိဖို့ဆိုရင်၊ စိတ်မကောင်းစွာနဲ့ ဗင်နီဇွဲလားသားတွေဟာ စစ်ပွဲကြီးတစ်ခုကို နွှဲရပါတော့မယ်” ဟု ကရာကတ်စ် အမြန်လမ်းပေါ်တွင် ဇွန်လ ၁၄ ရက်နေ့က ပြုလုပ်သော အထိုင်ဆန္ဒပြပွဲတွင် လွှတ်တော်အမတ် ဟွမ်ရီကွီဆန်းစ်က  ပြောကြားခဲ့သည်။

F-03

  • TAGS