POST TYPE

FOREIGN AFFAIRS

ဘင်္ဂလားဒေ့ရှ်တွင် မိုးသည်းထန်မှုကြောင့် မြေပြို၊ လူ ၁၀၇ ဦးသေဆုံး
15-Jun-2017 tagged as


ဒါကာ၊ ဇွန် ၁၄

ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတွင် မုတ်သုံမိုးသည်းထန်မှုကြောင့် မြေပြိုကျကာ စစ်သား ၅ ဦး အပါအဝင် လူ ၁၀၇ ဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ထုတ်ပြန်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မြေပြိုသည့် ဖြစ်ရပ်များတွင် အနည်းဆုံး ၆၀ ခန့် သေဆုံးခဲ့ပြီး ရာသီဥတု ဆိုးဝါးမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

ထို့ပြင် တယ်လီဖုန်းလိုင်းများနှင့် ဓာတ်အားလိုင်းများလည်း ပြတ်တောက် သွားပြီး ဘေးသင့်ဒေသများသို့ လောလော ဆယ် လက်လှမ်းမမီသေးသော်လည်း မိုးရပ်သွားသည်နှင့် တစ်ပြိုင်နက် ထိခိုက်ဆုံးရှုံးမှုများကို အကဲဖြတ်ကာ ပြန်လည်ထူထောင်ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရန်ဂါမာတီ ခရိုင် အုပ်ချုပ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အိန္ဒိယနယ်စပ်အနီးရှိ ရန်ဂါမာတီ ခရိုင်တွင် မြေပြိုကျမှုကြောင့် နေအိမ်များ ပိသွားသည်ဟုဆိုသည်။

“မြေပြိုတဲ့အချိန်မှာ တချို့က သူတို့ အိမ်တွေထဲမှာ အိပ်ပျော်နေကြတာပါ”ဟု ခရိုင်ရဲမင်းကြီး ဆာရက်တာရီကာဟာဆန်က ပြောကြားသည်။

သေဆုံးသွားသော စစ်သားများမှာမူ အစောပိုင်း မြေပြိုမှုတစ်ခုတွင် လမ်းကို ရှင်းလင်းနေစဉ် နောက်ထပ် မြေပြိုကျမှုကြောင့် ဘေးသင့်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

အဓိကမြို့ကြီးများဖြစ်သော ဒက္ကားနှင့် စစ်တကောင်းတွင်လည်း မိုးဒလဟော ရွာသွန်းမှုကြောင့် ယာဉ်သွားယာဉ်လာ ပြတ်တောက်သွားသည်။

ယခင်လကလည်း ဘင်္ဂလားဒေ့ရှ်  အရှေ့တောင်ပိုင်းသို့ ဆိုက်ကလုန်းမိုရာဝင် ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး ၈ ဦး သေဆုံးကာ လူတစ်သန်းခန့်ကို ဘေးလွတ်ရာသို့ ကယ်ဆယ်ခဲ့ရသည်။

မုတ်သုံမိုးကြောင့် မြေပြိုမှုများသည် ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းကုန်းမြင့် ဒေသတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ 

၂၀ဝ၇ ခုနှစ်က စစ်တကောင်းတွင် ဖြစ်ပွားသော မြေပြိုမှုတွင် လူ ၁၃၀ ခန့် အသက်ဆုံးရှုံးခဲ့သည်။
            
F-04

  • TAGS