POST TYPE

FOREIGN AFFAIRS

လန်ဒန်မြို့မှ ၂၄ ထပ်မြင့်တာဝါ မီးလောင်မှု စုစုပေါင်း လူခြောက်ဦး သေဆုံးသည်ဟု အတည်ပြု
15-Jun-2017 tagged as အင်္ဂလန်

လန်ဒန်၊ ဇွန် ၁၄

လန်ဒန်မြို့ အနောက်ပိုင်းရှိ အထပ်မြင့် တာဝါကြီးတစ်ခုတွင် မီးလောင်ကျွမ်းမှု တစ်ရပ် ဖြစ်ပွားခဲ့ရာတွင် မီးလောင်အားမှာ အလွန်ပြင်းထန်ခဲ့ပြီး စုစုပေါင်း လူခြောက်ဦး သေဆုံးကာ လူ ၅၀ ကျော်ကို ဆေးရုံတင်ကုသမှု ပေးထားရကြောင်း BBC သတင်းဌာနက နောက်ဆုံးရ အခြေအနေကို ထုတ်ပြန်ထားသည်။

မီးလောင်နေသည့် အဆိုပါ အထပ်မြင့် တာဝါကြီးထဲ၌ ပိတ်မိနေသူများ ရှိသေးကြောင်း ကနဦး မျက်မြင်သက်သေများကို ကိုးကားပြီး သတင်းများက ဖော်ပြထားကြသည်။

မီးသတ်သမားများက သက်စွန့်ဆံဖျား ကယ်ဆယ်မှုများ ပြုလုပ်ကာ လူများစွာကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပေးသော်လည်း၊ ပျောက်ဆုံးနေသူများစွာ ရှိသေးကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ထုတ်ပြန်ထားသည်။

အလုံးစုံ မီးလောင်ကျွမ်းသွားသော ၂၄ ထပ်မြင့် အဆောက်အအုံကြီး ပြိုကျမည့် အန္တရာယ်လည်း ရှိနေသည်ဟု BBC က ရေးသားဖော်ပြထားသည်။

လောင်ကျွမ်းခဲ့စဉ်တွင် တိုက်ခန်းများ၏ ထိပ်ဖျား၌ မိုဘိုင်းလ်ဖုန်း အလင်းရောင်းများ၊ သို့မဟုတ် လက်နှိပ်ဓာတ်မီးများကဲ့သို့ အရောင်များ ထွက်နေသည်ကို တွေ့ရပြီး လူများစွာက ကယ်ဆယ်မည့်သူကို စောင့်နေသည့်သဘော ဖြစ်မည်ဟု မျက်မြင်သက်သေများက ပြောဆိုထားသည်။ ထိုတာဝါနေသူ အများက ပြတင်းပေါက်များနားတွင် ရောက်နေကြပြီး အချို့က ကလေးများကို ချီထားသည်ဟု ဆိုသည်။ 

မီးလောင်ရခြင်း အကြောင်းရင်းကို အတည်မပြုနိုင်သေးကြောင်း၊ အဆောက်အအုံ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ စိတ်ချရသေးကြောင်း၊ အထဲတွင် မီးသတ်သမားများစွာ အလုပ်လုပ်နေပါကြောင်း လန်ဒန် မီးသတ်ကော်မရှင်နာမင်းကြီး ဒန်နီကော်တွန်က ပြောကြားခဲ့သည်။

“ကျွန်တော် လှေကားကနေ ဆင်းလာတဲ့အချိန်မှာ မီးသတ်သမားတွေ တွေ့ပါတယ်။ တကယ့်မီးသတ်သမားကြီးတွေဗျာ။ မီးလောင်နေတဲ့ အပေါ်ထပ်တွေကို တက်သွားတယ်။ လူတွေကို ရသလောက် ဆွဲထုတ်နေကြတယ်” ဟု ခုနစ်လွှာတွင် နေထိုင်ကာ မီးဘေးမှ အသက်ဘေးလွတ်လာသူ ပေါလ်မူနာကာက ပြောကြားသည်။ 

မီးသတ်အချက်ပေး ခေါင်းလောင်းသံကြောင့် အိပ်ရာက နိုးလာခြင်း မဟုတ်ဘဲ၊ လမ်းမပေါ်မှ လူများ၏ ‘ခုန်မချနဲ့ ခုန်မချနဲ့’ ဟု အော်နေသံများကြောင့် အိပ်ရာက နိုးလာခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ 

အထပ် ၂၄ ထပ်ရှိသော ဂရမ်ဖဲတာဝါတွင် လူနေအထပ် ၂၀ ရှိပြီး၊ တိုက်ခန်း စုစုပေါင်း ၁၂၀ ရှိပါသည်။ 

မီးသတ်အင်အား ၂၅၀၊ ဆေးရုံကား အစင်း ၁၀၀ တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး အဆိုပါ ကြောက်စရာဖြစ်ရပ်ကြောင့် စိတ်နှလုံးကြေကွဲရကြောင်း လန်ဒန်မြို့တော်ဝန် ဆာဒစ်ခန်းက ပြောကြားခဲ့သည်။

၁၉၇၄ က တည်ဆောက်ထားပြီး ၂၀၁၆ ကမှ ပြန်လည်ပြင်ဆင် အလှဆင်မှု ပြီးဆုံးသွားသည့် အဆောက်အအုံဖြစ်သည် မီးကာကွယ်ရေးစနစ်နှင့် ပတ်သက်ပြီး အဆိုပါ တာဝါတွင် အမှားအယွင်းများ ရှိနေနိုင်ကြောင်း မီးသတ်တပ်ဖွဲ့မှ မတ်တ် ရတ်ခ်က ပြောကြားထားပြီး လုံခြုံအန္တရာယ် ကင်းရှင်းရေးနှင့် သက်ဆိုင်သော စစ်ဆေးမေးမြန်းဖွယ်ရာများ ရှိနေကြောင်း မြို့တော်ဝန်က BBC ကို ပြောကြားခဲ့သည်။

F-02