News

POST TYPE

FOREIGN AFFAIRS

မြောက်ကိုရီးယားသည် နိုင်ငံတော်လုံခြုံရေး အရေးပေါ် ခြိမ်းခြောက်မှုဟု အမေရိကန်ပြော

ဝါရှင်တန်ဒီစီ၊ ဇွန် ၁၃

မြောက်ကိုရီးယား ဒုံးကျည်နှင့် နျူကလီးယားစမ်းသပ်မှု အရေးအခင်းသည် အမျိုးသားလုံခြုံရေးအတွက် အရေးပေါ် ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ် ပြောကြားချက်ကို ကိုးကားလျက် Reuters သတင်းတစ်ရပ်က ဖော်ပြထားသည်။

“မြောက်ကိုရီးယားအစိုးရရဲ့ နျူကလီးယားလက်နက် အစီအစဉ်ဟာ အားလုံးအတွက် အန္တရာယ်ဖြစ်ပြီး ရန်လိုမှုဆိုတာ သိသာပါတယ်။ ကုလသမဂ္ဂက အရေးယူ အပြစ်ပေးမှုတွေ ပြုလုပ်နေတာတောင်မှ နိုင်ငံတကာ ဥပဒေနဲ့ မလျော်ညီတဲ့ ဒီလုပ်ရပ်တွေဟာ လျော့ပါးမသွားခဲ့ပါဘူး”ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အရေးပေါ် အခြေအနေဖြစ်အောင် အန္တရာယ်အရှိဆုံး ခြိမ်းခြောက်နေတာ မြောက်ကိုရီးယားပါ”လို့ ကြေညာချက်တွင် ဖော်ပြထားသေးသည်။ 

နျူကလီးယားလက်နက် ရရှိရန်အတွက် မြောက်ကိုရီးယား၏ ဆက်လက် ကြိုးစားမှုများက ပိုမိုများပြားလာသည်ဟု ၎င်းက သတိပေးထားသည်။ 

ယခုလအစောပိုင်းကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ ထပ်တလဲလဲ ဒုံးကျည်စမ်းသပ်မှုများကြောင့် ပိတ်ဆို့ အရေးယူမှုများကို ပိုမိုဖြည့်စွက်ခဲ့သည်။

မြောက်ကိုရီးယားနှင့် စစ်ဖြစ်ပါက စစ်ပွဲသည် ကြီးကျယ်ပြင်းထန်သော စစ်ပွဲ ဖြစ်ပေလိမ့်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သေးသည်။

၁၉၅၃ ခုနှစ်ကိုရီးယား စစ်ပွဲကာလက အမေရိကန်ပြည်ထောင်စုသည် တောင်ကိုရီးယားဘက်က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ထိုစစ်ပွဲအတွင်း တောင်ကိုရီးယား စစ်သား တစ်သိန်းလေးသောင်း သေဆုံးကာ အမေရိကန်စစ်သား သုံးသောင်း ခြောက်ထောင် သေဆုံးခဲ့သည်။

တောင်မြောက်စစ်ပွဲသည် အပစ်အခတ် ရပ်စဲရေးသာ ပြုလုပ်ထားပြီး ငြိမ်းချမ်းရေး သဘောတူညီချက် မရသေးသောကြောင့် စစ်က မပြီးသေးဟု ယူဆနိုင်သည်။

ယခုအခါ တောင်ကိုရီးယားတွင် အစိုးရ အပြောင်းအလဲ ရှိနေပြီး စေ့စပ်ညှိနှိုင်းရေးကို ပိုမိုလိုလားသော လစ်ဘရယ် သမ္မတက ဦးဆောင်လျက်ရှိသည်။

သို့သော် အမေရိကန်နှင့် ထားရှိသည့် ဒုံးကျည်ကာကွယ်ရေးဆိုင်ရာ သဘောတူညီမှုများကို ဆက်လက်ကိုင်စွဲသွားမည်ဟု တောင်ကိုရီးယား အမျိုးသား လုံခြုံရေး ထိပ်တန်းအကြံပေးက ပြောကြားထားသည်။ 
     
F-02