POST TYPE

FOREIGN AFFAIRS

အင်ဒိုနီးရှား ပြည်နယ်အားလုံးနီးပါးတွင် IS ဆဲလ်များရှိဟု စစ်တပ်အကြီးအကဲ ပြောကြား

ဂျကာတာ၊ ဇွန် ၁၃

ကမ္ဘာပေါ်တွင် မွတ်ဆလင်ဦးရေ အများဆုံးရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြည်နယ် အားလုံးနီးပါးတွင် အစ္စလာမ္မစ် နိုင်ငံတော် စစ်သွေးကြွအဖွဲ့ (IS) ၏ ဆဲလ်များရှိနေသည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဂတော့နာမန်ရိုက ပြောကြားသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား ကျွန်းစုများပေါ်တွင် လျှို့ဝှက် IS ဆဲလ်များ ပုန်းအောင်းလျက်ရှိသည်ဟု တနင်္လာနေ့ ညနေပိုင်းတွင် ဗိုလ်ချုပ်ကြီး ဂတော့နာမန်ရိုက ပြောကြားသွားပြီး အရှေ့တောင်အာရှ ဒေသတွင်း IS အဖွဲ့ ဩဇာကြီးမားလာသည်ကို ဖော်ပြလျက်ရှိသည်။

သို့သော်လည်း ခရစ်ယာန် အများစု နေထိုင်သည့် ပါပူဝါပြည်နယ်မှာမူ IS မရှိသည့် ခြွင်းချက်နေရာ အနည်းငယ် အနက်တစ်ခုဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးက မှတ်ချက်ပြုထားသည်။

“အဲဒါ အသက်မဝင်သေးတဲ့ ဆဲလ်တွေ တခြားအစွန်းရောက် ဆဲလ်တွေနဲ့ အလွယ်တကူ ပူးပေါင်း သွားနိုင်ပါတယ်”ဟု ၎င်းက ပြောကြားထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်သုံးပတ်ခန့်မှစတင်ပြီး ဖိလစ်ပိုင်တောင်ပိုင်းရှိ မရာဝီမြို့ကို IS နှင့် ဆက်နွှယ်နေသည့် ဖိလစ်ပိုင် စစ်သွေးကြွအုပ်စုတစ်ခုက ဝင်ရောက် တိုက်ခိုက်လိုက်ပြီးနောက် ဒေသတွင်းရှိ အစိုးရအဖွဲ့များ သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။

ထို့ပြင် မာရာဝီမြို့မှ ထွက်ပြေးလာသည့် စစ်သွေးကြွများ ၎င်းတို့ နယ်မြေတွင်း ဝင်ရောက်လာခြင်းမှ ကာကွယ်ရန် အင်ဒိုနီးရှားနှင့် မလေးရှား အရာရှိများ ပူးပေါင်းကာ လုံခြုံရေးအင်အား တိုးမြှင့်လျက်ရှိသည်။

အရှေ့တောင်အာရှ ဒေသတွင်းတွင် ထောင်နှင့်ချီသည့် IS လိုလားသူများ ရှိနေသည်ဟု သက်ဆိုင်ရာ အစိုးရများက ယုံကြည်ထားပြီး သံသယရှိသည့် စစ်သွေးကြွများစွာကို အင်ဒိုနီးရှားနှင့် မလေးရှား အာဏာပိုင်များက ပြီးခဲ့သည့် နှစ်များအတွင်း ထိန်းသိမ်းထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း အင်ဒိုနီးရှား မြို့တော် ဂျာကာတာကို IS အဖွဲ့ ဝင်ရောက်တိုက်ခိုက်မှုသည် ဒေသတွင်း ပထမဆုံးသော IS တိုက်ခိုက်မှုဖြစ်ပြီး ယင်းနောက်တွင် IS အုပ်စုနှင့်ဆက်နွှယ်နေသည့် တိုက်ခိုက်မှုပေါင်း များစွာ ဒေသတွင်း ပေါ်ထွက်လျက်ရှိသည်။

F-05