News

POST TYPE

FOREIGN AFFAIRS

ဘင်္ဂလားဒေ့ရှ်တွင် အွန်လိုင်းမုဆိုးများကို နှိမ်နင်းရန် မိန်းကလေးများကို သင်တန်းပေး

ဒါကာ၊ ဇွန် ၁၃

ဆိုက်ဘာရာဇဝတ်မှုများ ကြောက်မက်ဖွယ် မြင့်တက်လာခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်တွင် အွန်လိုင်းမှ ခြိမ်းခြောက်မှုများကို ကာကွယ်ရန် ကျောင်းသူထောင်ပေါင်း များစွာကို သင်တန်းပေးမှု စတင်လိုက်ပြီဟု VOA သတင်းတွင် ဖော်ပြထားသည်။

အွန်လိုင်းတွင် ခြိမ်းခြောက်ခံရသည့်အခါ မည်သို့ ကာကွယ်ရမည်ကို မြို့ပြနေ ကျောင်းသူများအား သင်ကြားပေးသည့် အစိုးရစမ်းသပ်စီမံချက်တစ်ခု မကြာမီက ပြီးစီးသွားပြီဖြစ်သည်။

“ဒီနိုင်ငံမှာ ဆိုက်ဘာရာဇဝတ်မှုတွေရဲ့ သားကောင်အများစုက မိန်းကလေးငယ်တွေပါ။ ဒါကြောင့် သူတို့အတွက် အသိအမြင် ဖြန့်ဖြူးပေးဖို့ စီစဉ်ခဲ့တာပါ။ ဒီစမ်းသပ်စီမံချက်ရဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ အထက်တန်းကျောင်းနဲ့ ကောလိပ်ကျောင်း ၄၀ က ကျောင်းသူ ၁၀,ဝ၀ဝ ကျော် ပါဝင်ခဲ့ပြီး တုံ့ပြန်မှုရလဒ် ကောင်းခဲ့ပါတယ်။ အခု နိုင်ငံတစ်ဝန်းက စာသင်ကျောင်းနဲ့ ကောလိပ် ၁၇,ဝ၀ဝ က ကျောင်းသူ သန်း ၄၀ ပါဝင်လာအောင် ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်”ဟု အိုင်စီတီဝန်ကြီး ဇူနိတ်အာမက်ပါလက်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လွန်ခဲ့သော ၁၅ နှစ်အတွင်း အင်တာနက် အသုံးပြုမှု ရာခိုင်နှုန်း ဂဏန်းနှစ်လုံး တိုးလာခဲ့ရာ လူမှုမီဒီယာ အသုံးပြုသူ ထက်ဝက်ကျော်မှာ အမျိုးသမီးများနှင့် ဆယ်ကျော်သက် မိန်းကလေးများဖြစ်ကြပြီး ဆိုက်ဘာ ရာဇဝတ်မှု ခြိမ်းခြောက်ခံရသူ ၇၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်ဟု သိရှိရသည်။

“Facebook အသုံးပြုသူ မိန်းကလေးတွေရဲ့ ရည်းစားကောင်လေးတွေက အွန်လိုင်းမှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ အမျိုးမျိုး ပြခိုင်းလေ့ရှိတယ်။ ပြတ်သွားတဲ့အချိန်မှာတော့ မိန်းကလေးတွေကို ခြိမ်းခြောက်ဖို့ ဒီဓာတ်ပုံတွေကို အွန်လိုင်းမှာ ဖြန့်ပစ်လိုက်ကြတယ်။ ဒီမိန်းကလေးတွေ အိမ်ထောင်ပြုတဲ့အချိန်မှာ ဒီဓာတ်ပုံတွေ ဗီဒီယိုတွေက အမျိုးမျိုး ဒုက္ခပေးတော့တာပါပဲ။ တချို့ဆိုရင် သေကြောင်းကြံတဲ့အဆင့်အထိ ရောက်သွားတယ်”ဟု ဒက္ကားရဲဌာနမှ ဆိုက်ဘာပညာရှင် မီရှတ်ချပ်ကမာက ပြောကြားသည်။

ကျောင်းသူ ဆာဟာနာ ၁၅ နှစ်က “အခု Facebook မှာ တစ်စုံတစ်ယောက်ကို လက်မခံခင် အိုင်ဒီကို အရင်စစ်ရမယ်။ ကိုယ်ရေးကိုယ်တာတွေကို အများကြီး မပြသင့်ဘူး ဆိုတာကိုလည်း နားလည်သွားပြီ။ ဘယ်သူကမှ မခြိမ်းခြောက်နိုင်တော့ဘူးလို့လည်း ယုံကြည်မှု ရှိလာပြီ”ဟု ပြောကြားသည်။

မိန်းကလေးငယ်များသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန် သင်ယူရမည့်အပြင် ရာဇဝတ်မှုကို မည်သို့ တရားစွဲရမည်ဟူသော အချက်ကိုလည်း လေ့လာထားရမည်ဟု စမ်းသပ်စီမံချက်ကို အကောင်အထည်ဖော်ပေးခဲ့သော Four D ဆိုက်ဘာ အတိုင်ပင်ခံအေဂျင်စီမှ အီမရမ်က ထောက်ပြသည်။

သင်တန်းလာတက်တဲ့ မိန်းကလေး ၉၃ ရာခိုင်နှုန်းက ဘင်္ဂလားဒေ့ရှ်မှာ ဆိုက်ဘာ ခြိမ်းခြောက်ခံရမှုကို အကာအကွယ်ပေးတဲ့ အိုင်စီတီ အက်ဥပဒေရှိပြီး သားဆိုတာကို မသိကြတာ အလွန်အံ့ဩစရာကောင်းပါတယ်”ဟု အီမရမ်က ဆိုပါသည်။

သို့ရာတွင် ဆိုက်ဘာ ရာဇဝတ်မှု မြင့်တက်လာမှုကြောင့် ရှိပြီးသားဥပဒေကို ပိုမိုတင်းကျပ်ရန် ပြင်ဆင်သင့်သည်ဟု ရှေ့နေ သူရင်းအာဖရော့စ်က မှတ်ချက်ပေးသည်။

ဆိုက်ဘာလုံခြုံရေး အသိအမြင် ဖွံ့ဖြိုးရေးစီမံချက် ဦးဆောင်သူ ရှပ်ဖ်ယူဒင်းက “အင်တာနက် အသိအမြင် ကဏ္ဍကို အထက်တန်းကျောင်းနဲ့ ကောလိပ်တွေသာမကပဲ တက္ကသိုလ်တွေမှာပါ သင်ကြားနိုင်အောင် အမျိုးသားအဆင့် သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းဖို့ မကြာခင် အဆင်သင့် ဖြစ်တော့မှာပါ”ဟု အသိပေး ပြောကြားသည်။   

F-04