POST TYPE

FOREIGN AFFAIRS

ကာတာသည် အကြမ်းဖက်ဝါဒကို အလွန်မြင့်မားသည့် အတိုင်းအတာဖြင့် ပံ့ပိုးကူညီလျက် ရှိသည်ဟု ထရမ့် စွပ်စွဲ
ဝါရှင်တန်၊ ဇွန် ၁၀

ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံ တစ်နိုင်ငံဖြစ်သော ကာတာသည် အကြမ်းဖက်ဝါဒကို အလွန်အမင်း မြင့်မားသည့်  အတိုင်းအတာဖြင့် ရန်ပုံငွေထောက်ပံ့ကူညီလျက် ရှိသည်ဟု အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။ 

ကာတာအနေနှင့် အစွန်းရောက်နှင့် အကြမ်းဖက်ဝါဒကို ယင်းသို့ ပံ့ပိုးကူညီနေမှုအား အမြန်ဆုံး ရပ်ဆိုင်းသင့်သည်ဟု ထရမ့်က တိုက်တွန်းပြောကြားသည်။ 

“အဲဒီလို ရန်ပုံငွေ ထောက်ပံ့ပေးနေတာတွေကို ရပ်ဆိုင်းပစ်နိုင်ရေးအတွက် ကာတာနိုင်ငံကို တိုက်တွန်းရမယ့်အချိန်ရောက်လာပါပြီ။ သူတို့ မဖြစ်မနေ ရပ်ဆိုင်းပေးရပါလိမ့်မယ်။ အဲဒီလို ရန်ပုံငွေ ပံ့ပိုးပေးနေတယ် ဆိုတာကလည်း ကာတာနိုင်ငံရဲ့ အစွန်းရောက်တဲ့ အိုင်ဒီယော်လော်ဂျီ တစ်ခုပါပဲ” ဟု ထရမ့်က ရိုမေးနီးယားသမ္မတ ကလောက်စ်လိုဟာနစ်နှင့်အတူ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

အလားတူပင် အကြမ်းဖက်ဝါဒကို  ပံ့ပိုးကူညီလျက်ရှိသည့် အခြားနိုင်ငံများ အနေနှင့်လည်း ပံ့ပိုးမှုများကို အမြန်ဆုံး အဆုံးသတ်ကြရန် ထရမ့်က တိုက်တွန်းပြောကြားသည်။ 

သို့သော် ကာတာမှလွဲ၍ အခြားနိုင်ငံများ၏အမည်ကို ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုမှု မပြုပေ။ 

အရှေ့အလယ်ပိုင်းဒေသတွင် ကာတာနိုင်ငံနှင့် ပတ်သက်၍ သံတမန် ဆက်ဆံရေးများ ကမောက်ကမ ဖြစ်နေချိန်၌ ဒေါ်နယ်ထရမ့်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဆော်ဒီအာရေဗျ၊ ယူအေအီး၊ အီဂျစ်၊ ဘာရိန်း၊ လစ်ဗျား၊ ယီမင်နှင့် မော်လိုက်တို့က ကာတာနိုင်ငံသည် အကြမ်းဖက်အုပ်စုများကို ထောက်ပံ့လျက် ရှိသည်ဟု စွပ်စွဲပြီး သံတမန် ဆက်ဆံမှု အပါအဝင် ကုန်းလမ်း၊ ရေလမ်းနှင့် လေကြောင်းဆက်သွယ်မှု အားလုံးကို ဖြတ်တောက်ပစ်ခဲ့သည်။ 

သို့သော် ကာတာနိုင်ငံက စွပ်စွဲချက်များသည် မျှတမှု မရှိသလို အခြေအမြစ်လည်း မရှိကြောင်း တုံ့ပြန်ပယ်ချခဲ့သည်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်ကမူ ကာတာအနေနှင့် အိမ်နီးချင်း နိုင်ငံများ၏ စိုးရိမ်ပူပန်မှုများကို အရေးတယူ ပြုသွားသင့်ကြောင်း၊ ကာတာသည် တက်ကြွလှုပ်ရှားသူများမှအစ  အကြမ်းဖက်သူများအထိ ပံ့ပိုးကူညီသည့် သမိုင်းကြောင်း ရှိသည်ဟု ပြောကြားသွားခဲ့သည်။           

F-01