POST TYPE

FOREIGN AFFAIRS

မြောက်အိုင်ယာလန် DUP ပါတီနှင့် ညွန့်ပေါင်းအစိုးရ ဖွဲ့မည်ဟု မေ ကြေညာ
09-Jun-2017 tagged as ဗြိတိန်

ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေက မြောက်အိုင်ယာလန် ဒီမိုကရက်တစ် ယူနီယံနစ်ပါတီ (DUP) နှင့် ပူးပေါင်းပြီး အစိုးရသစ် ဖွဲ့စည်းသွားမည်ဟု ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဘာကင်ဟမ်နန်းတော်သို့ သွားရောက်ပြီးနောက် မိန့်ခွန်းပြောကြားရာ၌ သူ့ ကွန်ဆာဗေးတစ်ပါတီသည် လွှတ်တော်တွင်း လူများစုဖြစ်ရန် အမတ် ၈ နေရာ လိုအပ်သော်လည်း အစိုးရဖွဲ့ရန် တရားဝင်သည့် တစ်ခုတည်းသော ပါတီဖြစ်ကြောင်း မေက ပြေကြားခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး လုပ်ငန်းစဉ် ဆက်လက်လုပ်ဆောင်ရန် DUP မှ မိတ်ဆွေများနှင့် ပူးပေါင်းသွားမည်ဟု မေက ပြောကြားခဲ့သည်။

အဓိက အတိုက်အခံ လေဘာပါတီကမူ ၎င်းတို့သာ စစ်မှန်သည့် အောင်နိုင်သူများ ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သလို အစိုးရကို မေ ဆက်ဦးဆောင်ရန်မှာ အရှက်ရစရာ ကိစ္စဟု လစ်ဘရယ် ဒီမိုကရက်တစ်ပါတီက ဝေဖန်ခဲ့သည်။

ကွန်ဆာဗေးတစ်ပါတီ အနေဖြင့် တစ်ပါတီတည်း အစိုးရဖွဲ့ရန် အမတ်နေရာ ၃၂၆ နေရာ လိုအပ်သော်လည်း နေရာ ၆၅၀ တွင် ၆၄၉ နေရာ ကြေညာပြီးချိန်၌ ၃၁၈ နေရာသာ ရရှိထားသည်။ သို့ဖြစ်ရာ အမတ် ၁၀ နေရာရသော မြောက်အိုင်ယာလန်ပြည် အခြေစိုက် DUP ပါတီကို အားကိုရတော့မည် ဖြစ်သည်။

မေ၏ ကွန်ဆာဗေးတစ် အစိုးရသည် သက်တမ်း ၃ နှစ်ခန့် ကျန်သေးချိန်တွင် အမတ်နေရာ ပိုများရန် မျှော်လင့်ချက်ဖြင့် ရွေးကောက်ပွဲ စောခေါ်ခဲ့ခြင်း ဖြစ်သော်လည်း မှန်းချက်နှင့် နှမ်းထွက်မကိုက်ဘဲ မူလထက်ပင် အမတ် ၁၂ နေရာ လျော့သွားခဲ့သည်။

DUP ခေါင်းဆောင် အာလင်းန်ဖော်စတာက မေနှင့် စကားပြောခဲ့ကြောင်း အတည်ပြုခဲ့ပြီး တိုင်းပြည်တွင် စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေရချိန်၌ တည်ငြိမ်မှုကို မည်သို့ဆောင်ယူနိုင်မည် ဆိုခြင်းနှင့် ပတ်သက်ပြီး မေနှင့် ထပ်ဆွေးနွေးသွားမည်ဟု ပြောကြားခဲ့သည်။

ညွန့်ပေါင်းအစိုးရဆိုသော်လည်း ကွန်ဆာဗေးတစ်ပါတီနှင့် တစ်သားတည်း ရပ်တည်သွားခြင်းထက် မဲခွဲဆုံးဖြတ်မှု တစ်ခုချင်းအပေါ် တူရာတွဲလုပ်သည့် ပုံစံမျိုးသာ ဆောင်ရွက်သွားဖွယ်ရှိရာ မေ အစိုးရအနေဖြင့် မျှော်လင့်သည်နှင့် ပြောင်းပြန်ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။