News

POST TYPE

FOREIGN AFFAIRS

တီဟီရန် တိုက်ခိုက်သူများသည် အီရန်တွင် IS အဖွဲ့က စုဆောင်းထားသူဟု အတည်ပြု
09-Jun-2017 tagged as IS အီရန်

တီဟီရန်၊ ဇွန် ၈

တီဟီရန်တွင် လူ ၁၂ ဦး သေဆုံးသော တိုက်ခိုက်မှုကို ကျူးလွန်သူများမှာ IS အဖွဲ့သို့ ဝင်ရောက်ထားသူ အီရန်လူမျိုးများ ဖြစ်သည်ဟု အီရန်နိုင်ငံက ပြောကြားလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အသေခံ ဗုံးခွဲသူများသည် ပါလီမန်နှင့် ခါမေနီဂူဗိမာန်တို့ကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်သူအားလုံး သေဆုံးသွားပြီး တတိယမြောက် တိုက်ခိုက်မှုကို စီစဉ်နေသူ ငါးဦးကို ဖမ်းဆီးရမိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

တိုက်ခိုက်မှု၏ နောက်ကွယ်တွင် ဆော်ဒီနှင့် အမေရိကန်တို့ ရှိသည်ဟု အီရန် တော်လှန်ရေး အစောင့်တပ်က စွပ်စွဲထားသည်။

ဆော်ဒီဦးဆောင်သော အာရပ်နိုင်ငံများက ကာတာနိုင်ငံအား အဆက်အသွယ် ဖြတ်တောက်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေသည့် အချိန်တွင် တီဟီရန် တိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့သည်။

ဆွန်နီမွတ်ဆလင် ဆော်ဒီနှင့် ရှီးယားမွတ်ဆလင် အီရန်တို့သည် ခါးသီးသော ဒေသတွင်း ပြိုင်ဘက်နိုင်ငံများ ဖြစ်သည်။

“အမေရိကန်သမ္မတနှင့် ဆော်ဒီခေါင်းဆောင်တို့ တွေ့ဆုံပြီး တစ်ပတ်အကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့ ပါဝင်ပတ်သက်ကြောင်း ထင်ရှားသည်” ဟု အီရန်တော်လှန်ရေး အစောင့်တပ် ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုတိုက်ခိုက်မှုကို အမေရိကန်နှင့် ဆော်ဒီ နှစ်နိုင်ငံစလုံးက ပြစ်တင်ရှုတ်ချခဲ့သည်။

အီရတ်နှင့် ဆီးရီးယားတွင် IS အဖွဲ့ကို တိုက်ခိုက်ရာတွင် ထိထိရောက်ရောက် ပါဝင်နေသော အီရန်ကို ဆွန်နီ IS အဖွဲ့က ယခုအချိန်အထိ မည်သည့်တိုက်ခိုက်မှုမှ မလုပ်နိုင်သေးခြင်းမှာ ရှီးယားတို့ လွှမ်းမိုးသော အီရန်တွင် ထောက်ခံမှု မရသောကြောင့် ဖြစ်သည်ဟု BBC သတင်းထောက်က မှတ်ချက်ပေးသည်။

သို့ရာတွင် အီရန်ရှိ ဆွန်နီအုပ်စုများကို လှုံ့ဆော်ရန် ဖာရဆီဘာသာစကားဖြင့် ဝါဒဖြန့်မှုများကို အရှိန်မြှင့်လာခဲ့သည်ဟု သိရှိရသည်။

အီရန်ထောက်လှမ်းရေးက IS အဖွဲ့၏ အစီအစဉ်များကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောကြားသော်လည်း ယခုကဲ့သို့ တိုက်ခိုက်မှု အောင်မြင်သွားခြင်းသည် အယ်လ်ကေဒါ အပါအဝင် အခြားဆွန်နီ ဂျီဟတ်အုပ်စုများ မစွမ်းဆောင်နိုင်ခဲ့သည့် အစဉ်အလာ ရန်သူအီရန်အပေါ် အဓိက အောင်ပွဲရသွားကြောင်း IS အဖွဲ့က ပြောဆိုနိုင်ပြီ ဖြစ်သည်။

ယခုတိုက်ခိုက်မှု၏ အကျိုးဆက် အနေနှင့် အီရတ်နှင့် ဆီးရီးယားရှိ IS အဖွဲ့ကို ပြင်းထန်စွာ အရေးယူဆောင်ရွက်ရန် တောင်းဆိုမှုများ မြင့်တက်လာနိုင်သည်ဟု လေ့လာသူများက မှတ်ချက်ပေးသည်။

ထို့ပြင် အီရန်တော်လှန်ရေးအစောင့်တပ်သည် နိုင်ငံကာကွယ်စောင့်ရှောက်သူများ အဖြစ် ရှုမြင်ခံရမှုကြောင့် ပိုမိုရေပန်းစားလာလိမ့်မည်ဟု ဆိုသည်။ 
        
F-04